နောက်ဆုံးထွက်သက်ထိ သင်ကြားရမည့် ပညာရေး (နေခြည်(ဆေး-၂)/ပညာရေး)

နောက်ဆုံးထွက်သက်ထိ သင်ကြားရမည့် ပညာရေး (နေခြည်(ဆေး-၂)/ပညာရေး)

နောက်ဆုံးထွက်သက်ထိ သင်ကြားရမည့် ပညာရေး
နေခြည်(ဆေး-၂)/ပညာရေး

လူရယ်လို့ ဖြစ်လာပြီဆိုရင်တော့ လူ့ဘဝ အဓိပ္ပာယ်ကို နားလည်အောင် အားထုတ်ဖို့ တာဝန်ရှိလာပါ တယ်။ ဒီလိုအားထုတ်တာကို အသိပညာ ရှာဖွေတယ်လို့ခေါ်ဆိုပါတယ်။ အသိပညာ ရှာဖွေတာကနေ လူဆိုတာ ဟာ သက်ရှိလောကမှာ အပြည့်စုံဆုံး သက်ရှိမျိုးနွယ်ဝင် ဆိုတာကို သိလာနိုင် ပါတယ်။

လူသားတွေဟာ မွေးဖွားစအရွယ်မှာ အခြားသက်ရှိတွေနဲ့ ယှဉ်လိုက်ရင် သိပ်ကိုချည့်နဲ့နေကြတယ်ဆိုတာကို တွေ့မြင်ကြမှာပါ။ ဒီအချိန်ဟာ ဝိညာဉ်ဘဝကနေ ကမ္ဘာမြေပြင်မှာ ထာဝရခရီးရှည်ကြီးကို ဆက်နိုင်ဖို့ ကနဦး အနေအထား ဖြစ်နေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခြားသက်ရှိတိရစ္ဆာန်တွေကတော့ မမွေး ခင်ကတည်းက လောကနေနည်း အတတ်ပညာကို သင်ယူရင့်ကျက်လာခဲ့ကြလေသလားလို့တောင် ထင်ရပါ တယ်။ မိခင်ဝမ်းတွင်းက ထွက်ပြီးနာရီပိုင်း၊ ရက်ပိုင်း ဒါမှမဟုတ် လပိုင်းအတွင်းမှာပဲ သူတို့ဟာ အသက်ရှင် နေထိုင်ဖို့အတွက် သိသင့်တတ်သင့်တာတွေကို သိသွားတတ်သွားကြပါတယ်။ ဒါအပြင် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်ကြသလို တခြားသတ္တဝါတွေနဲ့ ဘယ်လိုနေထိုင်ရမယ် ဆိုတာကိုပါ သိသွားတတ်ပါတယ်။ ဥပမာပြောရရင် စာကလေးတွေနဲ့ပျားတွေဟာ မွေးပြီးစကနေ ရက် ၂ဝ အတွင်းမှာပဲ ပတ်ဝန်းကျင်မှာ လှုပ်ရှား သွားလာနိုင်လောက် တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပိုင်ဆိုင်သွားပြီး ဘယ်လို ပြုမူနေထိုင်ရမယ် ဆိုတာတွေကိုပါ သိရှိရင့်ကျက် သွားကြပါတယ်။ လူတွေမှာတော့ အဲဒီလို ရင့်ကျက်မှု အဆင့်မျိုးကိုရဖို့ နှစ်၂ဝလောက်ကိုစောင့်ရပါတယ်။

လူတွေမှာကတော့ မွေးကတည်းက ဂရုစိုက်စောင့်ရှောက်မှုခံရမှ ရှင်သန်ကြီးပြင်းရတဲ့ ဘဝမျိုးနဲ့ စခဲ့ရသလို လောကနိယာမ တရားတွေကိုလည်း သင်ကြားခံရမှ တတ်မြောက်ကြရပါတယ်။

လူတွေဟာ တစ်နှစ်သား အရွယ်ဆိုရင် မတ်တတ်ရပ်တတ်၊ လမ်းလျှောက် တတ်လာပါတယ်။ အသက် ၁၅ နှစ်လောက်ရောက်တော့မှ အကောင်းနဲ့ အဆိုး၊ အကျိုးနဲ့ အပြစ်ကို ခွဲခြားသိမြင်လာပြီလို့ ဆိုရနိုင်လောက်တဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အသိဉာဏ် ပညာရဖို့နဲ့ဝိညာဉ်ရေးရာအရ ပြည့်စုံမှု ရှိဖို့ကိုကတော့ ဘဝတစ်သက်တာ ရင်းပြီး ရှာကြရပါတယ်။ လူ့ဘဝမှာ ရှင်သန်ရချိန်အတွင်း အဓိက တာဝန်တွေကတော့ တွေးခေါ်ရှုမြင်ပုံ၊ အသိတရားနဲ့ ကိုးကွယ်ယုံကြည်မှုမှာ ပြည့်စုံရှင်းသန့်နိုင်ဖို့အတွက် အားထုတ်ဖို့ပဲဖြစ်ပါတယ်။ လူ့ဘဝကို ရရှိတာနဲ့အတူရှိလာတဲ့ အဲဒီ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်တဲ့အပြင် လူတွေမှာရှိနေတဲ့ အလားအလာနဲ့ အစွမ်းအစတွေကို သုံးသပ်ပြီး လူ့ဘဝ ဖြစ်တည်လာရပုံရဲ့လှိျု့ဝှက်နက်နဲမှုတွေကို သိမြင်အောင် အားထုတ်မယ်ဆိုရင်ပဲ လူပီသတဲ့ အဆင့်ကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ဒီလို အဆင့်ကို ပိုင်ဆိုင်နိုင်ပြီဆိုရင်တော့ ကျက်သရေ အဖြာဖြာပြည့်စုံတဲ့ ထာဝရတည်ရှိမယ့် နောင်ဘဝကိုရရှိဖို့မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

လူ့ဘဝ အဆင့်အတန်းဆိုတာ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖြူစင်သန့်ရှင်းမှုနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ လူတစ်ယောက်ဟာ အကုသိုလ် စိတ်တွေနဲ့ပဲ ရှင်သန်နေမယ်၊ အတ္တသိပ်ကြီးနေမယ်ဆိုရင် သူဟာ လူနဲ့တူသယောင်ယောင်ရှိတဲ့ သတ္တဝါတစ်ဦး အဆင့်မှာသာ ရှိနေမှာဖြစ်ပြီး လူတစ်ယောက်လို့ဆိုဖို့ ခက်ခဲမှာဖြစ်ပါတယ်။

လူတိုင်းလိုလိုဟာ မိမိခန္ဓာကိုယ်ကို လေ့ကျင့်ခန်းတွေလုပ်ပြီး အချိုးကျအောင် ပြုပြင်နိုင်ကြပေမယ့် စိတ်နေစိတ်ထားနဲ့ ခံစားချက်တွေကို အပြုသဘောထားဖြစ်အောင် ပြုပြင်နိုင်သူ အရေအတွက်ကတော့ နည်းပါးလွန်းလှပါတယ်။ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးရင် ကြံ့ခိုင်သန်စွမ်းသူ ဖြစ်လာမှာဖြစ်သလို စိတ်ကို လေ့ကျင့်ပေးရင်တော့ ဝိညာဉ်ရေးရာအရ ပြည့်စုံသူတွေ ဖြစ်လာမှာဖြစ်ပါတယ်။

မွေးရာပါစွမ်းရည်များနဲ့ ပညာရေး

လူတွေရဲ့ မွေးရာပါစွမ်းရည်တွေဟာ ကျိုးကြောင်း ဆင်ခြင်တတ်တာ၊ ဒေါသအမျက်နဲ့ လိုချင်တပ်မက်စိတ် ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ဆက်စပ်နေပါ တယ်။ ကျိုးကြောင်း ဆင်ခြင်မှုရှိတယ် ဆိုတာဟာ အသိ သညာ၊ တွေးခေါ်မြော်မြင်မှု၊ တွက်ဆနိုင်မှု၊ မှတ်ဉာဏ်နဲ့ သင်ယူမှုဆိုတာတွေ အားလုံးနဲ့ ဆက်စပ်နေပါတယ်။ ဒေါသအမျက် ဆိုတာဟာလည်း မိမိကိုယ်မိမိ ကာကွယ် နိုင်စွမ်း၊ စိတ်နေစိတ်ထား မူမှန်မှု၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု၊ ရရှိထားတဲ့ဘဝ၊ မိသားစုနဲ့ အခြား မိမိ အလေးအမြတ်ထားရာတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ လိုချင်တပ်မက်စိတ် ဆိုတာကတော့ မွေးကတည်းက ပါလာတာဖြစ်ပြီး မိမိလိုချင်တာကို မဖြစ်မနေ ရယူလိုတဲ့ ရမ္မက်စိတ်ဖြစ်ပါတယ်။

ဒီလိုစိတ်ထားတွေကို မိမိဘဝနဲ့ နယ်မြေပိုင်နက်ကို ကာကွယ်တဲ့အချိန် အခါမျိုးမှာ အခြားသက်ရှိ တိရစ္ဆာန်တွေမှာလည်း တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ ဒီစိတ်တွေဟာ အခြားသက်ရှိတွေမှာ အတိုင်းအတာ တစ်ခုသာရှိပြီး လူတွေမှာတော့ အကန့်အသတ်ရယ်လို့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ မွေးရာပါ လွတ်လပ်ခွင့် အပြည့်အဝရရှိတဲ့အပြင် မိမိရရှိထားတဲ့ ခွန်အားအစွမ်းအစတွေကို လည်း ပြုပြင်ထိန်ကျောင်းဖို့ တာဝန်ဟာ မွေးကတည်းက ပါလာလို့ပဲ ဖြစ်ပါတယ်။ ဒီလိုပြုပြင်ထိန်းကျောင်းမှု ရှိမရှိဆိုတဲ့ အချက် အပေါ်မှာမူတည်ပြီး လူသားတွေရဲ့ လူ့အဆင့်အတန်း ကွဲပြားသွားတာ ဖြစ်ပါတယ်။ လူတစ်ဦး ချင်းဖြစ်စေ၊ ပတ်ဝန်းကျင် အသိုင်းအဝန်းနဲ့ ဖြစ်စေ၊ ဆက်ဆံတဲ့အခါမှာ ဒီအစွမ်းအစတွေကို မနာလိုမုန်းတီးမှု၊ ရန်ငြှိုးဖွဲ့လိုမှုနဲ့ သူတော်ကောင်းယောင်ဆောင်မှုစတဲ့ အပြုအမူတွေနဲ့ ဒွန်တွဲနေတာကို တွေ့ရတတ်ပါတယ်။ ဒီလိုအခြေအနေ မျိုး ဖြစ်လာရင်တော့ စိတ်ကိုထိန်ကျောင်း ပြုပြင်ဖို့ လိုမှာပဲ ဖြစ်ပါတယ်။

လူတွေဟာ စိတ်နဲ့ကိုယ် နှစ်ခုတည်းကြောင့် လူရယ်လို့ ဖြစ်လာတာ မဟုတ်ပါဘူး။ လူတိုင်းမှာ ဝိညာဉ်ဆိုတာ ရှိပြီး ဝိညာဉ်က အလိုကျနေဖို့လည်း လိုအပ်ပါတယ်။ အဲဒီ လိုမှမဟုတ်ရင် လူတွေဟာ စစ်မှန်တဲ့ပျော်ရွှင်မှုကို မရနိုင်သလို ပြည့်စုံတဲ့ဘဝကိုလည်း ခံစားနိုင်မှာမဟုတ် ပါဘူး။ စိတ်ဝိညာဉ် ထဲမှာကိုက အလိုကျပြီး စိတ်ဘဝင် ချမ်းမြေ့တဲ့ ဘဝဆိုတာကိုကျတော့ ဘုရားတရားနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင်သိပြီး သက်ဝင်ယုံကြည်မှု ရှိနေမှ ရနိုင် တာပါ။ လောကီ ဘဝထဲမှာပဲ နစ်မွ န်းနေရတာကြောင့် လူတွေရဲ့ သွေးသားဆန္ဒရမ္မက်၊ ဖြတ်သန်းရတဲ့ အချိန်နဲ့ ကျင်လည်ရတဲ့ နေရာတွေဟာ ဘဝ အမှောင် တိမ်တိုက် သဖွယ် ဖြစ်နေတတ်ပါတယ်။ ဒီလို အမှောင်တိုက် မမိဖို့က တော့ အယူမှန်တဲ့ ယုံကြည်မှု၊ ပုံမှန်ဘုရား ဝတ်ပြုမှုလိုတဲ့ အပြင် မိမိရဲ့စွမ်းရည်နဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးချရာ မှာလည်း လွန်လွန်ကျွံကျွံ မဖြစ်ဖို့လိုအပ်ပါတယ်။ မိမိရဲ့ ဆန္ဒရမ္မက် စိတ်တွေကို လုံးဝပယ်သတ် လိုက်ဖို့တော့ မဆိုလိုပါဘူး။ အတိုင်းအဆကို သိမြင်တတ်တဲ့ စိတ်ကိုနှလုံးသွင်းပြီး အဲဒီဆန္ဒတွေကို ကောင်းတဲ့အသွင်ဆောင် သွားနိုင်အောင် ထိန်းကျောင်းပေးဖို့ပဲလိုတာပါ။ ဥပမာပြောရရင် တော့ သွေးသားဆန္ဒတွေကို ပက်သတ်လိုက်မယ့်အစား အိမ်ထောင်ပြုတဲ့ နည်းလမ်းနဲ့ပဲ နည်းမှန်လမ်းမှန် ပြေငြိမ်းမှု ရယူရတာမျိုးကို လုပ်ရမှာဖြစ်ပါတယ်။ အဲဒီလို သွေးသား ဆန္ဒတွေကို သိမ်မွေ့ပြီး ကျက်သရေရှိတဲ့ နည်းလမ်းနဲ့ ကန့်သတ်ပေးပြီး စိတ်အလိုလိုက်ပြီး ဇက်လွှတ်မပေး တာဟာလည်း ပျော်ရွှင်ချမ်းမြေ့မှုကို ရနိုင်တဲ့နည်းလမ်း တစ်ရပ်ပဲဖြစ်ပါတယ်။

ဒီလိုပါပဲ။ မနာလိုဝန်တိုစိတ်တွေကိုလည်း ကိုယ့် ထက် ကောင်းရာ ကောင်းကျိုး လုပ်နိုင်တဲ့ သူတွေကို အားကျ အတုခိုးမယ်ဆိုတဲ့ စိတ်ကိုပြောင်းမွေးပြီး ရန်ငြှိုး ကင်းတဲ့ စိတ်နေ၊ စိတ်ထားအဖြစ် ပြောင်းလဲပစ်လိုက် နိုင်ပါ တယ်။ ကျိုးကြောင်း ဆင်ခြင်တတ်တဲ့ စိတ်ကိုနည်းလမ်း တကျ စေစားတတ်ရင်လည်း အသိပညာ သာမက နောက်ဆုံးမှာ ဉာဏ်ပညာပါရနိုင်ပါတယ်။ ဒေါသစိတ်ကို အရောင်ချွတ် ပြုပြင်နိုင်ရင်လည်း သူရသတ္တိ ထက်မြက်ပြီး မသိလို့ မှားမိတဲ့ သူတွေကိုလည်း သည်းခံနားလည်နိုင်စွမ်းတွေ ပြန်ပြောင်းလဲ ရနိုင်ပါတယ်။ ဖြစ် လိုစိတ် ပြင်းပြတာတွေ ဆန္ဒရမ္မက် စိတ်တွေကို နည်းလမ်းတကျ ထိန်းကျောင်းလိုက်ရင်လည်း ဒီစိတ်တွေကို စည်းဘောင်ထဲကနေ စနစ်တကျ ဖြေဖျောက် တတ်လာမှာဖြစ်ပါတယ်။

ဒီလိုတန်ဖိုးရှိတဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး တွေကို စက်ဝိုင်းတစ်ခုရဲ့ ဗဟိုချက်မှာရှိတဲ့ အရာတွေလို့ သဘောထားရင် ဗဟိုချက်ကခွာသွားတဲ့ စိတ်နေစိတ်ထား နဲ့ လုပ်ရပ်တွေကို မကောင်းမှုလို့ ခေါ်နိုင်ပါတယ်။ ဗဟိုက ခွာသွားလေလေ မကောင်းမှုအတိုင်းအဆ များလေလေပါ ပဲ။ စက်ဝိုင်းတစ်ခုမှာ ဗဟိုချက်ဆိုတာ တစ်နေရာပဲ ရှိပေမယ့် သူ့တစ်ဝိုက်မှာ နေရာတွေ အများကြီးရှိနေတာကြောင့် ဗဟိုချက်နဲ့တူတဲ့ စိတ်အရည် အသွေး ကောင်းတွေဟာ အမျိုးမျိုးသော အကုသိုလ်စိတ်တွေ အဖြစ်ပြောင်းလဲ သွားနိုင်ပါတယ်။

ကိုယ်ကျင့်တရား အရည်အသွေးမှာ ကိုယ်ကျင့်တရား ချို့တဲ့လွန်းခြင်းနဲ့ မြင့်မြတ်လွန်းခြင်းဆိုတဲ့ အစွန်းနှစ်ဖက် ရှိသလို ဉာဏ်ပညာနဲ့ ပတ်သက်လာရင်လည်း တုံးအလွန်းခြင်းနဲ့ ပါးနပ်ကောက်ကျစ်လွန်းခြင်းဆိုတဲ့ အစွန်းနှစ် ဖက်လည်းရှိနေပါတယ်။ သူရသတ္တိနဲ့ ပတ်သက်လာရင်လည်း သူရဲဘောကြောင်တာနဲ့ မိုက်ရူးရဲဆန်တာ ဆိုပြီး အစွန်းနှစ်ဖက်ရှိသလို သွေးသားဆန္ဒနဲ့ ပတ်သက်လာရင်လည်း စိတ်ကုန်သွားတာနဲ့ မြာပွေတာ၊ ဆိုတဲ့ အစွန်း နှစ်ဖက်ရှိနေပြန်ပါတယ်။ ဒါကြောင့် အစွန်းမရောက်အောင် စိတ်ကို သတိနဲ့ပြုပြင်ပြီး အလယ်အလတ် လမ်းစဉ် ကိုလိုက်နိုင်မှသာ လူ့ဘဝရှင်သန်ခြင်းရဲ့ နောက်ဆုံးပန်းတိုင် ဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်ဝ ပြည့်စုံတဲ့ ဘဝကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

”နတ်သားများကို သွေးသားဆန္ဒ၊ ရယူပိုင်ဆိုင် လိုစိတ်ကြီးမားမှုနဲ့ ဒေါသစိတ်တို့မပါဘဲ အသိပညာကိုသာ ထည့်သွင်းဖန်ဆင်းထားပြီး တိရစ္ဆာန်တွေကိုကျတော့ အသိပညာမပါဘဲနဲ့ ဒေါသစိတ်နဲ့ သွေးသား ဆန္ဒတို့နဲ့သာ ဖန်ဆင်းထားပြန်တယ်။ လူသားတွေကိုတော့ အပေါ်ကနှစ်မျိုးလုံးမှာပါတဲ့ အရည်အသွေးတွေ အားလုံးထည့် သွင်းပြီး ဖန်ဆင်းထားတာဖြစ်တယ်။ ဒါကြောင့် လူတွေမှာအသိပညာက သွေးသားဆန္ဒနဲ့ ရက်စက်ကြမ်းကြုတ် တတ်တဲ့ စိတ်တွေကို အောင်နိုင်နေမယ်ဆိုရင် နတ်သားတွေမကြုံတွေ့ရတဲ့ အခက်အခဲမျိုးကို ကြုံတွေ့ နေရပေမယ့်လည်း လူဟာ နတ်သားတွေထက် မြင့်မြတ်တဲ့အဆင့်အတန်းကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။”

”သာတောင့်သာယာရှိတဲ့ လူ့အသိုင်းအဝိုင်းဆိုတာမျိုးဟာ လူဆိုးလူမိုက်တွေကို ဖယ်ရှားပစ်လိုက်လို့ ရလာတာ မျိုး မဟုတ်ဘူး။ မျိုးဆက်သစ်တွေကို လူသားချင်းစာနာတတ်တဲ့ စိတ်မျိုး သွင်းပေးနိုင်မှ ရတာဖြစ်ပါတယ်။ တိုင်းပြည်မှာ ဘာသာရေး၊ ဓလေ့ထုံးတမ်းနဲ့ သမိုင်းကြောင်းနဲ့ဆိုင်တဲ့ အသိတရားရှိတဲ့ မျိုးဆက်တွေရှိမလာရင် လက်ရှိ ရှိနေတဲ့အဖျက်အမှောင့် သမားတွေကို အမွေခံမယ့် သန္ဓေမကောင်းတဲ့ သူတွေသာ ပေါ်လာပါလိမ့် မယ်”လို့ အဘီတာဘစ်ဆိုတဲ့ပညာရှင်တစ်ဦးက ပြောခဲ့ဖူးပါတယ်။

ရည်ညွှန်း

Fethullah Gulen ရေးသားသော

Education from cradle to grave ကို

ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *