ဝေဖန်ဆန်းစစ် တွေးခေါ်မှု (ဉာဏ်လွင်/အတွေးရှုထောင့်)

ဝေဖန်ဆန်းစစ် တွေးခေါ်မှု (ဉာဏ်လွင်/အတွေးရှုထောင့်)

ဝေဖန်ဆန်းစစ် တွေးခေါ်မှု
ဉာဏ်လွင်/အတွေးရှုထောင့်

ဖောင်တိန်မဂ္ဂဇင်း (The Fountain Magazine) က နိုဘယ်လ်ဆုရှင် အာမက်ဇီဝေးလ် (Nobel Laurate Ahmed Zewail) နှင့် တွေ့ဆုံ မေးမြန်းခန်း တစ်ခုကို မကြာသေးမီက ရေးသားဖော်ပြခဲ့သည်။ ယင်းမေးမြန်း ခန်း၌ ဝေဖန်ဆန်းစစ် တွေးခေါ်မှုနှင့် ပတ်သက်၍ ဖြေကြားရာ၌ ပါမောက္ခ ဇီဝေးလ်က ချင့်ချိန်နှိုင်းဆ တွေးခေါ် မှုသည် တိုးတက်မှုအတွက် မရှိမဖြစ်ပါဝင်ရမည့် အရာတစ်ခုဖြစ်သည်ဟု အလေးအနက်ထား ပြောကြားခဲ့သည်။ ဤဆောင်းပါးတွင် ချင့်ချိန်နှိုင်းဆ တွေးခေါ်မှုသည် ဘယ်အရာဖြစ်သည်၊ လူတစ်ဦးချင်းက ၎င်းကိုမည်သို့ ကျင့် သုံးနိုင်သည်ဆိုခြင်းနှင့် ချင့်ချိန်နှိုင်းဆ တွေးခေါ်မှုက လူတစ်ဦးနှင့် လူ့အဖွဲ့အစည်းကို အဘယ်မျှအကျိုးပြုမည် ဆိုခြင်းတို့ကို ရှင်းလင်းဖော်ပြရန် ကျွန်ုပ်တို့ ရည်ရွယ်သည်။

ပါမောက္ခ ဇီဝေးလ်၏ ဖော်ပြချက်များသည် လွန်ခဲ့သည့် ရာစုနှစ်ဆယ်ခု (နှစ်ပေါင်း ၁ဝဝဝ) က နာမည်ကျော် ပညာရှင် အဗ်နေဘင်အယ်လ်ဟေသမ် (Ibn-al Haytham) ပြောခဲ့သည့် စကားများနှင့် တစ်သံတည်း တူနေသည်ကို ကျွန်ုပ်တို့ ဦးစွာအလေးအနက် ထားရမည် ဖြစ်သည်။

”အမှန်တရားကို ရှာဖွေတဲ့လူဆိုတာ ရှေးစာဆိုတွေရဲ့ စာပေလက်ရာ တွေကို ဆည်းပူးလေ့လာပြီးတော့ မိမိရဲ့ပင်ကို ဝါသနာက စေ့ဆော်လို့ အဲဒီလက်ရာတွေကို ယုံကြည်ကိုးစားတဲ့ လူစားမျိုးကို ဆိုလိုတာ မဟုတ်ဘဲ အဲဒီလက်ရာတွေ အပေါ်မှာ မိမိရဲ့သက်ဝင်ခံစားမှုကို သံသယဝင်လေ့ရှိပြီးတော့ အဲဒါတွေကနေ မိမိဘာတွေများ စုဆောင်းမိသလဲလို့ မေးခွန်းထုတ်လေ့ရှိတဲ့လူ၊ အခြေအတင် ဆွေးနွေးတာနဲ့ သရုပ်ပြတာတွေကို လက်သင့်ခံ လေ့ရှိပြီး လူမှန်ရင် အပြစ်အနာအဆာတွေ၊ ချို့တဲ့မှုတွေနဲ့ မကင်းတတ်ကြဘူးဆိုတဲ့ ဆိုရိုးစကားတွေကို လက်မခံတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။ ဒီတော့ သိပ္ပံပညာရှင်တွေရဲ့ မှတ်တမ်းမှတ်ရာတွေကို စုံစမ်းဖော်ထုတ်နေတဲ့ လူရဲ့အလုပ်ဆို တာ တကယ်လို့ သူ့ရည်မှန်းချက်ဟာ အမှန်တရားကို ဆည်းပူးလေ့လာ တာဆိုရင် သူဖတ်နေတဲ့ စာတွေအားလုံးရဲ့ ရန်သူတစ်ယောက် ဖြစ်လာအောင် သူကိုယ်တိုင်က လုပ်ဖို့ပဲ။ ပြီးတော့ အဲဒီစာတွေထဲက အချက်အလက်တွေ အားလုံးကို သူ့ဦးနောက်ထဲထည့်ပြီး လေးဖက်လေးတန်ကနေ ဝိုင်းတိုက်ရမယ်။ အဲဒီစာတွေကို သူက ဝေဖန်ဆန်းစစ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ သူကလည်း သူ့ကိုယ်သူ သံသယထားတတ်မယ်၊ အဲဒါမှ သူဟာ မုန်းလျှင်အပြစ် ချစ်လျှင်အကျိုးဆိုတဲ့ အစွန်းနှစ်ဖက်က လွတ်အောင် ရှောင်နိုင်လိမ့်မယ် ”ဟု သူကထောက်ပြခဲ့သည်။

လူသားတိုင်းတွင် စဉ်းစားတွေခေါ်နိုင်သည့် အရည်အချင်း ကိုယ်စီပါလာပြီး ဖြစ်သည်။ လူသားမျိုးနွယ် တစ်ရပ် လုံး၏ တိုးတက်မှုမှန်သမျှ ဖြစ်နိုင်နေခြင်းမှာ ဤ အရည်အချင်းကြောင့်ဖြစ်သည်။

ကျွန်ုပ်တို့ စဉ်းစားတွေးခေါ်သည့်အခါ ကျွန်ုပ်တို့သိနှင့်ပြီးဖြစ်သော အကြောင်းအရာများအပေါ် အခြေခံလျက် ကျွန်ုပ်တို့ရရှိသည့် သတင်းအချက်အလက်ကို အဆင့်ဆင့်စီစစ်ပြီးမှ ဆုံးဖြတ်ချက်များကို ချမှတ်လေ့ရှိသည့် လူသားအားလုံး ဤလုပ်ငန်းစဉ်ကို နေ့စဉ်အကြိမ်ကြိမ် ဖြတ်သန်းကြရသည်ကို မည်သူမျှမငြင်းဆိုနိုင်ချေ။ သို့သော် ကျွန်ုပ်တို့၏ စဉ်းစားတွေးခေါ်မှု လုပ်ငန်းစဉ်မှ ရလဒ်ဖြစ်သောကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များအပေါ် ကျွန်ုပ်တို့ မေးခွန်းထုတ်နိုင်သည်။ ကျွန်ုပ်တို့ ဆုံးဖြတ်ရာ၌ မှားယွင်းသွားသည့်အခါလည်း အများအပြား ရှိနိုင် ပေရာ ဤအခါဝေဖန်ဆန်းစစ် တွေးခေါ်မှုက အထောက်အကူပြုဖွယ် ရှိသည်။

ယခုခေတ်တွင် လူအများစုသည် ကျောင်းများ၌ အထူးသဖြင့် တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ်အတွင်း မည်သို့စနစ်တကျ စဉ်းစားတွေးခေါ်ရမည်ကို လေ့လာသင်ယူခဲ့ကြရသည်။ အမှန်အားဖြင့် ဟားဗတ်စ် တက္ကသိုလ် အဓိပတိဟောင်း ဒဲရက်ဘော့က် (Derek Bok)၏ အဆိုအရ ဝေဖန်ဆန်းစစ်တွေးခေါ်မှုကို သင်ကြား ပေးခြင်းသည် ဘွဲ့ပညာ သင်ကြားရေးအတွက်အဓိက ရည်ရွက်ချက်ဖြစ်သည်ကို အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဝင် အားလုံးနီးပါးက တညီတညွတ်တည်း သဘောတူကြသည်ဟုသိရှိရသည်။ ဝေ ဖန်ဆန်းစစ် တွေးခေါ်မှုသည် အလွန်အရေးကြီးသည်ဆိုသော ခိုင်မာသည့် ခံယူချက်မျိုးမရှိချေ။ အမေရိကန် ဒဿနိကအသင်းကမူ အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

”ခိုင်မာသည့် ရည်ရွယ်ချက်နှင့်အညီ တည့်မတ်စွာ ချင့်ချိန်မှုဖြင့် အဓိပ္ပာယ်ဖော်ခြင်း၊ ဝေဖန်ပိုင်းခြားခြင်း၊ တန်ဖိုးဖြတ်ခြင်းနှင့် ကောက်ချက်ချခြင်းတို့ကို ဆိုလိုသည်။ ထို့ပြင် ချင့်ချိန်မှုတစ်ရပ်၏ အခြေခံဖြစ်သည့် အထောက်အထား ခိုင်လုံ၍ မှန်ကန်သော အယူအဆဖြင့် နည်းလမ်းတကျ စဉ်းစားတွေးခေါ်မှုများအား ရှင်းလင်းဖော်ပြခြင်းလည်း ဖြစ်သည်။ ”

ဤအဓိပ္ပာယ် ဖွင့်ဆိုချက်အပြင် အဗ်နေအယ်လ် ဟေသမ်ထံမှ ကျွန်ုပ်တို့ ထုတ်နုတ်ယူထားသည့် အချက် များ အပေါ်အခြေခံ၍ ဝေဖန်ဆန်းစစ် တွေးခေါ်မှုနှင့်ပတ်သက်သော အောက်ပါအချက်များကို ကျွန်ုပ်တို့ ဖော်ထုတ်နိုင်သည်။

(၁) ကြေညာချက် တစ်ရပ်ကို ဖတ်ရသည့်အခါ သို့မဟုတ် ကြားရသည့်အခါ မေးမြန်းစူးစမ်းခြင်းမရှိဘဲ လက်မခံလိုက်ပါနှင့်။

(၂) ယင်းကြေညာချက်ကို အတည်ပြုပေးနိုင်သည့် သို့မဟုတ် ပယ်ဖျက်ပေးနိုင်သည့် အခြားသော သတင်း အချက်အလက်ကို ကြိုးစားရှာဖွေပါ။ ယင်းကြေညာချက် ခိုင်မာကြောင်း သို့မဟုတ် မှားယွင်းကြောင်း သက် သေပြနိုင်မည့် နည်းလမ်းများ ဖော်ထုတ်နိုင်အောင် ကြိုးစားပါ။ ပြီးလျှင် ယင်းကြေညာချက်ကို စစ်ဆေးပါ။

(၃) မိမိ၏ အရေးအကြီးဆုံးသော စမ်းသပ်စစ်ဆေးမှု ကို ပြုလုပ်နေခိုက်တွင် လူသားတစ်ဦး ပီပီ မိမိတွင်လည်း ချို့တဲ့မှုများရှိနေသည်ကို သတိပြုပါ။ မိမိကိုယ်တိုင် ဤဘက်လိုက်မှုများ၊ ချင့်ချိန်ဝေဖန်ရာ၌ ပြုမိနိုင်သည့် အမှားအယွင်းများ သို့မဟုတ် မသိစိတ်ဖြင့် ကြိုတင်ဆုံးဖြတ်နိုင်သည့် အခြေအနေများကို စဉ်းစားကြည့်ပါ။

(၄) တောင်းဆိုချက်တစ်ရပ်ကို ဆန်းစစ်ရေးအတွက် မိမိအသုံးပြုသည့် နည်းလမ်းကို သတိပြုပြီး ၎င်း၏အားသာချက်များနှင့် အားနည်းချက်များကို စဉ်းစားကြည့်ပါ။

ကျွန်ုပ်တို့သည် ဝေဖန်ဆန်းစစ်တွေးခေါ်မှုကို ကျင့်သုံးသည့် အလေ့အထကိုရရှိလာပါက ကျွန်ုပ်တို့၏ နေ့စဉ် ဘဝအတွက် အကျိုးပြုနိုင်ပါသည်။ ဤ၂၁ရာစုတွင်သတင်း အချက်အလက်ကို သင် မည်သို့ရရှိသည်ကို စဉ်းစားကြည့်ပါ။ ပုံမှန်အားဖြင့် သင်သည် သတင်းစာဖတ်မည် သို့မဟုတ် ရုပ်မြင်သံကြားပေါ်တွင် သတင်းကို ကြည့်ရှုမည်။ အကယ်၍သင်သည် ကြားရ မြင်ရသမျှကိုသာ လက်ခံလိုက်မိလျှင် တစ်ခါတစ်ရံ၌ အဓိပ္ပာယ်ကောက်ယူပုံ လွဲမှားသွားနိုင်သည်။ စိတ်ကူးထဲ၌သာရှိသည့် ကမ္ဘာတစ်ခုတွင် ဓမ္မဓိဋ္ဌာန်ကျကျ သတင်းတင်ပြမှုမှာ ဖြစ်နိုင်သော်လည်း လက်တွေ့ တွင် လူထုအတွက် သတင်းအချက်အလက်များကို ဖြန့်ဝေကြေညာပေးသူများမှာ လူသားများသာဖြစ်ရာ ဘက်လိုက်မှု နှင့် ကင်းနိုင်ဖွယ်မရှိချေ။ သတင်းစာတစ် စောင်က ဖြစ်စေ၊ရုပ်မြင်သံကြားဌာနတစ်ခုက ဖြစ်စေ၊ တန်ဖိုး သတ်မှတ်ချက်အချို့၊ အတွေးအခေါ် အချို့ကို ဖော်ပြခြင်း သို့မဟုတ် နိုင်ငံရေး ရပ်တည်ချက်အချို့ကို ထောက်ခံအားပေးခြင်းမျိုး မကြာခဏ ပြုလုပ်လေ့ ရှိကြ သည်။ ထို့ပြင် သတင်းတင်ဆက်မှုသည် စီးပွားရေးအရ အလွန်အရေးပါလှသဖြင့် သတင်း အယ်ဒီတာများနှင့် သတင်းထောက်များသည်လည်း စာဖတ်သူများ၏ အာရုံကို ဖမ်းစားနိုင်ရေးကိုသာ စဉ်းစားပြီး ၎င်းတို့မှ နှစ်ခြိုက်မည့် စကားလုံးများကို ရွေးချယ်သုံးစွဲ ကောင်း သုံးစွဲကြမည်ဖြစ်သည်။ ထို့ကြောင့် သတင်းစာ များ၌ပါရှိသည့် သတင်းတစ်ပုဒ်ကို ဖတ်ရသည့်အခါမျိုး၌ လူတိုင်းသည် မေးခွန်းထုတ်ကြည့်ပြီး ရှင်းလင်းစွာ အဓိပ္ပါယ် ဖော်လိုက်မှုများကို ဦးစွာဖယ်ရှားပစ်ရန် လိုအပ်ပေသည်။ ဝေဖန်ဆန်းစစ် တွေးခေါ်တတ်သူ ဦးရေတိုးပွားလာလျှင် အငြင်းပွားဖွယ် ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရာ၌ အထောက်အကူပြု မည်ဖြစ်သည်။

ဤဝေဖန်ဆန်းစစ် တွေးခေါ်မှုကို ကျွန်ုပ်တို့၏ ပုံမှန်ပညာသင်ကြားမှု အတွေ့အကြုံများနှင့် ယှဉ်၍ ဆက်လက် ဖော်ပြသွားပေမည်။ စာသင်ကျောင်းများ၌ ကျွန်ုပ်တို့၏ ဆရာများက သတင်းအချက်အလက်သစ်များကို နေ့စဉ်သင်ပြပေးလေ့ရှိသည်။ ကျွန်ုပ်တို့ကလည်း ကျွန်ုပ်တို့အားပြဋ္ဌာန်းးထားသည့် စာအုပ်များကို ဖတ်ကြသည်။ ပုံမှန်အားဖြင့် ကျောင်းသားများသည် ၎င်းတို့ ကြားရသမျှနှင့် ဖတ်ရသမျှကို လက်ခံရန်သာ စိတ်အားထက် သန်နေဖွယ်ရှိသည်။ စင်စစ် ဤအနေအထားမှာ ကျောင်းသားများ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့် ယင်းလူ့အဖွဲ့ အစည်း၏ ယဉ်ကျေးမှုအပေါ် မူတည်နိုင်သည်။ အကယ်၍သာ ကျွန်ုပ်တို့သည် စာသင်ခန်းအတွင်း၌ ပြဋ္ဌာန်းးစာအုပ်များကို ဖတ်ရှုနေခိုက်တွင် ဝေဖန်ဆန်းစစ် တွေးခေါ်မှုကို ကျင့်သုံးပါက ကျွန်ုပ်တို့၏ ဉာဏ်ရည် ဉာဏ်သွေးကို အခြားနည်း သုံးသည်ထက် များစွာ ပိုမိုထက်မြတ်လာအောင် လေ့ကျင်ပေးနိုင်မည်ဖြစ်ချေသည်။ ကျွန်ုပ်တို့ ပိုမိုလွယ်ကူစွာ သင်ယူလေ့လာထားသည်ကို မှတ်သားထားနိုင်မည်။ ကျောင်းများနှင့် တက္ကသိုလ်များ ဖွင့်လှစ်ပေးထားခြင်းမှာ ကျွန်ုပ်တို့၏ ဘဝအတွက် ပြင်ဆင်ပေးရန် ရည်ရွယ်ရင်းဖြစ်သည်။ လက်တွေ့ဘဝ၌ ပြဿနာများကို မည်သည့်အခါမျှ သိသာစွာ အဓိပ္ပာယ်ဖော်ထားလေ့မရှိမှန်း ကျွန်ုပ်တို့ အားလုံးသိကြသည် ဖြစ်ရာတိုင်ပင်ရန် လုပ်ပိုင်ခွင့်အာဏာရှိသည့် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လက်စွဲတစ်ခုခုကို အဆင်သင့် ရှာမတွေ့ နိုင်သည့် အချိန်ကသာ များနေမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျောင်းသားများအား ၄င်းတို့ ကြားသိရသမျှနှင့်ဖတ်မိသမျှတို့အပေါ် မေးခွန်းထုတ်တတ်သည့် အလေ့အကျင့်ကောင်းတစ်ခု ရလာအောင် သင်ကြားပေးရန်လို အပ်လှပေသည်။ သို့ရာတွင် ကျောင်းသားများအား စာသင်ခန်းထဲတွင် ပိုမိုဝေဖန်ဆန်းစစ် တွေးခေါ်တတ်လာအောင် တိုက်တွန်းအားပေးရန် အလို့ငှာ (ဆရာသင်ပေးသမျှကိုသာ ကျောင်းသားက သင်ယူ တတ်သည့် သမားရိုးကျသင်ကြားနည်းအစား) ပိုမိုထိရောက်မည့် သင်ကြားနည်းများကို ပြောင်းလဲ သင်ကြား ပေးနိုင်အောင် ကြိုးစားဖော်ထုတ်ရန် လိုအပ်ကောင်း လိုအပ်မည်ဖြစ်သည်။

ဝေဖန်ဆန်းစစ် တွေးခေါ်မှုကို သင်ကြားပေးနိုင်ရန် ကျွန်ုပ်တို့ ကြိုးပမ်းအားထုတ်ရမည်မှာ မှန်သော်လည်း ကျွန်ုပ်တို့၏ တွေးခေါ်မှုနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့၏ ဘဝတွင် အကြမ်းဖျင်းအားဖြင့် အရွယ်သုံးပါး ပိုင်းခြား သတ်မှတ်ထားရာ လူတိုင်းသည် သတ်မှတ်ကာလ တစ်ရပ်တွင် တစ်ရွယ်တည်း ရှိမနေနိုင်ချေ။ ကျွန်ုပ်တို့ ငယ်စဉ်က အမေးပုစ္ဆာတိုင်းတွင် အဖြေတစ်ခုရှိရမည်ဟု တွေးလေ့ရှိကြသည်။ ထိုအဖြေကို ဖော်နိုင်သည့် ပုဂ္ဂိုလ်ကို တွေ့အောင်ရှာနိုင်လျှင် ပြီးပြီဟု ထင်မှတ်ကြသည်။ သို့ရာတွင် ကျွန်ုပ်တို့ အသက်အရွယ် ရလာသည် နှင့်အမျှ ဤအချက်ကို တစ်ခါတစ်ရံ၌ လုပ်ပိုင်ခွင့်ရှိသူ အများအပြားက လက်မခံနိုင်မှန်း ကျွန်ုပ်တို့ သဘော ပေါက်လာကြသည်။ ဤထင်မြင်ချက်သည် လူတစ်ယောက်အား တရားသဘော အမှန်ထက် အများပြောအ မှန်ကို လက်ခံတတ်သူတစ်ယောက် ဖြစ်လာစေနိုင်သည်။ ဆိုလိုသည်မှာ ရလာမည့်အဖြေသည် သင်တို့ မေးမြန်းသည့် လူအပေါ် မူတည်၍ ပြောင်းလဲတတ်သည်ဟု ကျွန်ုပ်တို့ တွေးမိးကောင်းတွေးမိမည်ဖြစ်ရာ ၎င်းသည် နှိုင်းယှဉ်ပြောဆိုမှု သက်သက်သာဖြစ်သည်။ ဆက်လက်၍ ကျွန်ုပ်တို့ အသက်အရွယ် ပိုရလာ သည်နှင့်အမျှ ကျွန်ုပ်တို့၏ အသိဉာဏ်ပါ ပိုမိုထက်မြက်လာသည်။ ထိုအခါ အချို့သောကိစ္စများနှင့် ပတ်သက်၍ လူအများသဘောထား ကွဲလွဲမှုရှိသော်လည်း ကျွန်ုပ်တို့သည် ဆုံးဖြတ်ချက်အချို့ကို အမြဲချမှတ်ရမည် ဖြစ် ကြောင်းနှင့် အချို့သော ရှုထောင့်များမှ အမြင်များသည် အခြားအမြင်များထက် ထောက်ခံအားပေးမှု ပိုမို ရရှိကြောင်း ကျွန်ုပ်တို့ သတိပြုမိသည်။ ဝေဖန်ဆန်းစစ် တွေးခေါ်ခြင်းဖြင့် ကျွန်ုပ်တို့သည် ခိုင်လုံမှု မရှိလှသည့် သတင်းမျိုးကို စီစစ်ဖယ်ရှားပစ် နိုင်မည်ဖြစ်ရာ ပိုမိုတိကျသော အပြီးသတ် ကောက်ချက်များ ချမှတ်နိုင်သည်။ သို့ရာတွင် အချို့သော ရှုပ်ထွေးသည့် ကိစ္စများတွင် မှန်ကန်သော ဆုံးဖြတ်ချက် တစ်ခုတည်း မရှိမှန်း ကျွန်ုပ်တို့ သိကောင်းသိမည်ဖြစ်ရာ ပတ်ဝန်းကျင် အခြေအနေများက ကျွန်ုပ်တို့အား မတူညီသည့် လမ်းသွယ်များအတိုင်း ခေါ်ဆောင်သွားဖွယ်ရှိသည်။

ဤသို့ အရွယ်သုံးပါး ရှိသည့်အနက် ကျွန်ုပ်တို့၏ အသက်အရွယ် ကြီးရင့်လာသည့်အလျောက် ကျွန်ုပ်တို့၏ ဝေဖန်ဆန်းစစ် တွေးခေါ်နိုင်စွမ်းသည်လည်း တိုးတက်မြင့်မားလာမည်ဟု မျှော်လင့်နိုင်ပေသည်။ မူလတန်း ကျောင်းသားငယ်များက မေးခွန်းတိုင်းတွင် အဖြေမှန်တစ်ခုစီ ရှိသည်ဟု အများအားဖြင့် တွေးထင်တတ် ကြသည်။ အလယ်တန်းနှင့် အထက်တန်း ရောက်လာသည့်အခါ ကျောင်းသား အများအပြားအဖို့ မိမိတို့ အကူအညီတောင်းခံသူများအပေါ် မူတည်၍ မေးခွန်းတစ်မျိုးတည်းတွင် ကွဲပြားခြားနားသော အဖြေများရှိနိုင် ကြောင်း သိလာရသည်။ ၎င်းတို့သည် တက္ကသိုလ်မှ ဘွဲ့ရလာချိန်၌ တက္ကသိုလ်ကျောင်းသား ဘဝတွင် သတင်းအချက်အလက်များအား မည်သို့ ဂရုတစိုက် ဝေဖန်ဆန်းစစ်ရမည်ကို ဆည်းပူးလေ့လာကြရန် ကျွန်ုပ် တို့မျှော်လင့်မိသည်။ ဤနောက်ဆုံးရလဒ်သည် ကျွန်ုပ်တို့၏သင်ကြားရေး မဟာဗျူဟာများအပေါ် အဓိက မူတည်နေသည်။ ဆိုလိုသည်မှာ အကယ်၍ အလွတ်ကျက်မှတ်သည့် နည်းလမ်းကို ဝေဖန်ဆန်းစစ်ပြီး တန်ဖိုးဖြတ်သည့် နည်းလမ်း ထက်ပို၍ တန်ဖိုးထားပါက တက္ကသိုလ်မှ ဘွဲ့ရသူများသည် နုံနုံအအနှင့် မိုးခါးရေ သောက်သူများ သို့မဟုတ် ထို့ထက်ပင် နိမ့်ကျသူများအဖြစ် နေကြရဖွယ်ရှိသည်။

ဝေဖန်ဆန်းစစ် တွေးခေါ်မှုသည် စိတ်ကူးယဉ်မှုနှင့် အမှန်တရားကို ခွဲခြားဖော်ထုတ်ရာ၌ အလွန်ပင် အရေး ပါလှသည်။ အရှင်းဆုံး ဥပမာတစ်ရပ်မှာ ကျွန်ုပ်တို့၏ ဦးနှောက် အကြောင်းဖြစ်သည်။ လူ့အဖွဲ့အစည်း အများ အပြားတွင် ပုံမှန်အားဖြင့် လူတို့သည် ၎င်းတို့ဦးနှောက်ကို ၁ဝရာခိုင်နှုန်းခန့်သာ အသုံးပြုကြပြီး အိုင်းစတိုင်း (Einstein) ကဲ့သို့သော ဉာဏ်ရည်ထက်မြတ်သူများသည်၎င်းတို့၏ ဦးနှောက်များကို ထိုထက်ပိုမို အသုံးပြုနိုင် စွမ်းရှိကြသည်ဟု အဆိုရှိသည်။

မေးစရာမေးခွန်းအချို့ကို အောက်တွင် ဖော်ပြထားသည်။

(၁) ဦးနှောက် ၁ဝ ရာခိုင်နှုန်းကို အသုံးပြုရန် ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ကိုဆောင်သနည်း။

(၂)ဤသတင်းကို မည်သူကပေးသနည်း၊ ၎င်းသည် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် တစ်ဦးလော။

(၃) လူတို့သည် ဦးနှောက် အသုံးပြုမှုကို မည်သို့ တိုင်းတာကြသနည်း။

(၄) အိုင်းစတိုင်းသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက နေထိုင်သွားခဲ့သည်။ သူသည် သူ့ဦးနှောက်ကို အခြား သူများထက် ပိုသုံးသည်ဟု ကောက်ချက်ချနိုင်ရန် ထိန်းချုပ် ကွပ်ကဲသည့် အဖွဲ့က အသုံးပြုသည့် နည်းလမ်း အတိုင်း သူ့ဦးနှောက်၏ လှုပ်ရှားမှုကို ၎င်းတို့က တိုင်းတာခဲ့သလော။

ဤမေးခွန်းများအတွက် အဖြေများကို ကျွန်ုပ်တို့ ရှာဖွေကြည့်သည့်အခါ ယင်းသို့ အခိုင်အမာ ပြောကြား ချက်အတွက် အခြေခံကျသည့် အကြောင်းအချက် မရှိကြောင်း ကျွန်ုပ်တို့ တွေ့ရှိရသည်။ ယင်းကြေညာချက်မှာ လူအများအပြားသည် ၎င်းတို့ဦးနှောက်၏ စွမ်းရည်အပြည့်အဝကို အသုံးပြုခြင်းမရှိကြဟု ကနဦး၌ ဆိုလိုခြင်းဖြစ် နိုင်ရာ ဤအဆိုမှာ မှန်ကောင်းမှန်မည် ဖြစ်သည်။ သို့သော် ဤကြေညာချက်ကို ဦးနှောက်အလုပ်လုပ်ပုံနှင့် ပတ်သက်၍ ကျွန်ုပ်တို့ သိထားသမျှနှင့် နှိုင်းယှဉ်လိုက်သည့်အခါ ၎င်းသည် စိတ်ကူးယဉ် ဆန်းစစ်ချက် တစ်ခုဖြစ်လာရသည်။

ဝေဖန်ဆန်းစစ် တွေးခေါ်ခြင်းဖြင့် လူတိုင်းနှင့် အတတ်ပညာတိုင်း အကျိုးခံစားကြရခိုက်တွင် အချို့သော အလုပ် များသည် ဝေဖန်ဆန်းစစ်တွေးခေါ်မှုကို အခြားအလုပ်များထက် ပိုမိုလိုအပ်ချက်ရှိပေသည်။ ဥပမာအားဖြင့် – သိပ္ပံပညာရှင်များတွင် အခြားသူများ၏ အလုပ်ကိုလည်း အထူးတလည် ဂရုစိုက်ဆန်းစစ်ရမည့် တာဝန်ဝတ္တရား တစ်ရပ်ရှိနေပေသည်။ သိပ္ပံပညာရှင် လောကတွင် ဘဝတူချင်း အမြင်ဟု ခေါ်ဆိုသော အလွန်အမင်း အသုံး ဝင်သည့် လုပ်ငန်းစဉ် တစ်ရပ်ရှိသည်။ ဆောင်ရွက်ထားသည့် သုတေသနပြုမှု တစ်ရပ်ရပ်သည် ဤလုပ်ငန်း နယ်ပယ်ရှိ အခြားသိပ္ပံနည်းကျ အသိပညာအဖြစ်သို့ ရောက်လာလေ့ရှိသည်။ သိပ္ပံဂျာနယ် တစ်စောင်တွင် ဖော်ပြလိုသည့် ဆောင်းပါးမှန်သမျှ မှန်ကန်မှုရှိမရှိနှင့် မူရင်းဟုတ်မဟုတ် စစ်ဆေးခံကြရသည်။ ယင်းသို့ အသေး စိတ်ဝေဖန် သုံးသပ်ပြီးနောက် သုံးသပ်သူများက ဂျာနယ်မှ အယ်ဒီတာအဖွဲ့ထံ အသိပေးအကြောင်းကြားစာ ပေးပို့ပြီး နောက်တွင် အဆိုပါ အယ်ဒီတာအဖွဲ့က ဂျာနယ်တွင် ဖော်ပြသင့်မသင့် ဆုံးဖြတ်လေ့ရှိသည်။ မကြာခဏပင် ဆောင်းပါးရှင်များသည် မေးခွန်းများ မေးမြန်းခံခြင်း သို့မဟုတ် ပြင်ဆင်ဖွယ် အချို့ကို ပြင်ဆင် ပေးရန် မေတ္တာရပ်ခံခြင်းများနှင့် ကြုံရတတ်သည်။ လိုရင်းအချက်ကို ပြောရလျှင် သိပ္ပံပညာရှင် တစ်ဦးသည် ဝေဖန်ဆန်းစစ်တွေးခေါ်သူ ဖြစ်ရမည်။ ထိုသို့မဟုတ်ပါက ၎င်းသည် ၎င်း၏တာဝန်ကို ဖြစ်စေ၊ သုတေသနလုပ် ငန်းကိုဖြစ်စေ၊ ထမ်းရွက်နိုင်မည်မဟုတ်ချေ။ ထိုအခါ၌ ၎င်းသည် တစ်စုံတစ်ဦး၏ အတွေးအခေါ် အကြံဉာဏ် များကို ပုံတူကူးချသူတစ်ဦးသာ ဖြစ်လာပြီး ရံဖန်ရံခါ၌ လုပ်သမျှ အလွဲလွဲအချော်ချော် ဖြစ်နေတတ်ပေမည်။

ကျွန်ုပ်တို့ ယခုအချိန်ထိ ရှင်းပြပြီးသမျှအရဆိုလျှင် စစ်မှန်သည့် ဝေဖန်ဆန်းစစ်တွေးခေါ်သူ တစ်ယောက် ဖြစ် လာရန် ဘာသာရပ်တစ်ခုနှင့် ပတ်သက်သည့် နောက်ခံအသိပညာ အထိုက်အလျောက် ရှိထားရန် လိုအပ် သည်မှာ သိသာလောက်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်သည် မြို့ပြစီမံကိန်း ရေးဆွဲခြင်းအကြောင်း ကို လုံးဝမသိထားပါက ၎င်းအဖို့ မြို့ပြစီမံကိန်း ရေးဆွဲခြင်းနှင့် ပတ်သက်သည့် လုပ်ငန်းမှန်သမျှကို အသေးစိတ် ဝေဖန်ဆန်းစစ်ရန်ခက်ခဲနေမည်သာဖြစ်သည်။ ဤသို့ တည့်မတ်စွာ လေ့လာအကဲခတ်မှုအရ လူအများစုသည် မိမိတို့ဆန္ဒရှိသည့်တိုင် ဝေဖန်ဆန်းစစ် တွေးခေါ်တတ်သူများ မဖြစ်နိုင်ကြမှန်း သိသာနေသည်။ ကံအားလျော် စွာပင် ဤကောက်ချက်သည် တစ်စိတ်တစ်ပိုင်းသာ မှန်ကန်သည့် အကြောင်းမှာ ဝေဖန်ဆန်းစစ် တွေးခေါ် မှုသည် သီးခြားကွဲထွက်နေသော ရလဒ်တစ်ခုမဟုတ်ဘဲ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ကာလ သုံးပါးစလုံးနှင့် သက်ဆိုင်နေသည့် ရလဒ်တစ်ခု ဖြစ်နေခြင်းကြောင့်ပင်။ ခေါင်းစဉ်(ဘာသာရပ်)တစ်ခု အကြောင်း တီးမိခေါက်မိ ထားခြင်းသည် ကျွန်ုပ်တို့ကို နယ်ပယ်တစ်ခုတွင် အခြားသူများထက် အတွေးအခေါ် ပိုကောင်းသူများအဖြစ် ပေါ်လွင်စေမည်ဖြစ်သော်လည်း တစ်စုံတစ်ယောက်က မေးမြန်းလာနိုင်သည့် အသေးအဖွဲ မေးခွန်းအချို့ကား အမြဲကျန်နေဦးမည်သာ ဖြစ်သည်။

ဥပမာ – အငြင်းပွားဖွယ် ခေါင်းစဉ်တစ်ခုကို တစ်စုံတစ်ယောက်က အရေးပါသည့် အချက်အလက်များ ဖော်ပြ လျက် စီကာပတ်ကုံး ဟောပြောသွားမည်။ သင်သည်ဤဘာသာရပ်အကြောင်း မသိသည့်တိုင် ဟောပြောသည့် ပုဂ္ဂိုလ်သည် ဤဘာသာရပ်နှင့် ပတ်သက်၍ နှံ့စပ်ကျွမ်းကျင်သူ ဟုတ်မဟုတ် မေးမြန်းစူးစမ်းနိုင်သည်။ သို့မဟုတ်ထို ပုဂ္ဂိုလ် အသုံးပြုနေသည်မှာ မည်သည့် အထောက်အထားဖြစ်သည်ကို မေးကြည့်နိုင်သည်။ ထိုပုဂ္ဂိုလ် တင်ပြသည့် အထောက်အထားမှာ ခိုင်လုံသည့် နေရာတစ်ခုမှ လာသလော။ ဤပုဂ္ဂိုလ်သည် အဘယ်ကြောင့် ဤပြဿနာကို ဤသို့ဖြေရှင်းရသနည်း၊ အခြားရွေးချယ်စရာနည်းလမ်း မရှိနိုင်တော့ပြီလော။ အနိမ့်ဆုံးအားဖြင့် ဤမေးခွန်းများ၏ အဖြေများက ကျွန်ုပ်တို့အား ကြောင်းကျိုးဆီလျော်သည့် ချင့်ချိန်ဆုံးဖြတ် ချက်မျိုး ချမှတ်နိုင်အောင် ကျွန်ုပ်တို့အား အထောက်အကူ ပြုနိုင်သည်။

မျှော်လင့်ချက် ကုန်ဆုံးသွားပြီဟု လူအများအပြားက ထင်မှတ်နေသည့် ကိစ္စကြီးတစ်ခုမှာ ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုဆိုင်ရာ ဆွေးနွေးပွဲဖြစ်သည်။ ကမ္ဘာကြီး ပူနွေးလာမှုနှင့် ပတ်သက်၍ ဝက်ဘ်ဆိုက်ပေါ်တွင် ရှာကြည့်ရုံမျှနှင့် လူ့ပယောဂကြောင့် ကမ္ဘာကြီးပူနွေးလာခြင်းဖြစ်သည် ဆိုခြင်းကို ထောက်ခံထားသူများနှင့် ငြင်းဆန်ထားသူများ နှစ်ဖက်စလုံးက ရေးသားထားသော ဆောင်းပါးများကို တွေ့ရှိနိုင်သည်။ သို့သော် သင်မည်သည့်ရှုထောင့်မှ သုံးသပ်ချက်ကိုလက်ခံသင့်သနည်း။ ကမ္ဘာကြီး ပူနွေးလာမှုဖြစ်ပေါ် နေသည်ကို အားလုံးက သဘောတူညီကြသော်လည်း

ယင်းသို့ ဖြစ်ရခြင်းမှာ ကျွန်ုပ်တို့၏ နည်းပညာတိုးတက်မှုကို လွယ်လင့်တကူ အသုံးချမှုများကြောင့်လော သို့မဟုတ် ဘူမိဗေဒဆိုင်ရာ အချိန်ကာလအလျောက်သတ်မှတ်နှုန်းများ (နှစ်သန်းပေါင်းများစွာ) နှင့်အညီသဘာဝအတိုင်း အပူချိန်ပြောင်းလဲမှုများ၏ အကျိုးသက်ရောက်မှုတစ်ခုသာ ဖြစ်သလော ဆိုသည်ကို သဘောထား ကွဲလွဲနေကြဆဲဖြစ်သည်။

စင်စစ်တွင် မည်သည့်ရှုထောင့်မှ အမြင်ကို လက်ခံသင့်သလဲဆိုသော မေးခွန်းမှာ မှန်ကန်သည့် မေးခွန်းမဖြစ် နိုင်ချေ။ ထိုအစား ဤပြဿနာကို အဘယ်ကြောင့် လူအများ ထိတ်ထိတ်ပျာပျာဖြင့် အခြေအတင် ဆွေးနွေး နေကြ သနည်းဟု မေးသင့်သည်။ အဘယ်ကြောင့် လူအများက ကမ္ဘာကြီးပူနွေးလာမှုနှင့် ကမ္ဘာ့လေထုဆိုင်ရာ သိပံ္ပသုတေသနတို့၏ ဘက်ပေါင်းစုံမှ အလားအလာနှင့် ပတ်သက်၍ များစွာဂရုစိုက်နေကြသနည်းဟု မေးသင့် သည်။ အနည်းအကျဉ်း စုံစမ်းထောက်လှမ်းမှုအရ အန္တရာယ်အများအပြား ရှိနေကြောင်း ပေါ်လွင်နေသည်။ လူတို့စွမ်းအင်ကို အလွန်အကျွံ သုံးစွဲရာမှ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှု ပမာဏ မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ရာသီဥတု ပူနွေးလာရသည်ဆိုခြင်းကို လက်ခံလိုက်ခြင်းဖြင့် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးအကျိုးဆက် အများအပြား ပေါ်ပေါက်လာနိုင်သည်။ အကယ်၍ လူ့ပယောဂကြောင့် ကမ္ဘာကြီးပူနွေးလာမှုက အဆုံးစွန်အားဖြင့် ကမ္ဘာ့ရာသီဥတုကို ကမောက်ကမ ဖြစ်စေနိုင်သည့် အခြား ဖြစ်ရပ် အများအပြားကို ပေါ်ပေါက်စေနိုင်သည်ဟု သင်လက်ခံသဘောတူပါက ကမ္ဘာပေါ်ရှိ လူအများအပြားသည် ၎င်းတို့၏ နေထိုင်မှုပုံစံများကို ပြောင်းလဲရတော့မည်ဖြစ်ရာ ကုမ္ပဏီကြီး အချို့သည်လည်း အပြောင်းအလဲများကို ပြုလုပ်ရတော့မည့် အခြေအနေသို့ ရောက်လာနိုင်သည်။ ထိုအခါ၎င်းတို့၏ အမြတ်အစွန်းများကို လျော့ပါးသွား စေနိုင်သည်။ ထိုသို့ မဟုတ်ပါကလည်း အချို့သော အစိုးရများသည် နိုင်ငံတကာ ဆက်ဆံရေးတွင် ယင်းတို့ကို နိုင်ငံရေး အလျှော့အတင်းလုပ်ရန် အသုံးပြုနိုင်ဖွယ်မရှိချေ။

အကယ်၍ ယင်းသို့သော တွေ့ရှိချက်များသည် အထင်ကရ သိပ္ပံပညာရှင် အချို့ထံမှ ရရှိလာခြင်း ဖြစ်စေကာမူ အလွယ်တကူ လက်ခံ၍ ဖြစ်မည်မဟုတ်သည်မှာ သိသာနေသည်။ စင်စစ်တွင် သိပ္ပံပညာရှင်များထဲ၌ ယင်းတို့ကို လက်ခံနိုင်သူ ရှိသကဲ့သို့ လက်မခံနိုင်သူလည်း ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့လေထု ဆိုင်ရာ သိပ္ပံပညာသည် အလွန်အမင်း ရှုပ်ထွေးသည်ဖြစ်ရာ ကမ္ဘာ့လေထုအတွင်း ဖြစ်ပေါ်နေသော အပြောင်း အလဲများကို ကျွန်ုပ်တို့၏ ခေတ်အမီဆုံး ကွန်ပျူတာများဖြင့် ပုံစံထုတ်ကြည့်သည့်တိုင် ၎င်းသည် အလွန်ခက်ခဲ သော လုပ်ငန်းတစ်ရပ် ဖြစ်နေသေးခြင်းကြောင့်ဖြစ်သည်။ ထပ်မံစုံစမ်းစစ်ဆေးမှုများ အရလူတို့ အသုံးပြုနေ သည့် အထောက်အထားများမှာလည်း ပုံစံအမျိုးမျိုး ကွဲပြားနေကြောင်းသိရသည်။ အချို့ကအစိုးရများ သို့မ ဟုတ် ကုမ္ပဏီများထံမှ အထောက်အပံ့ဖြင့် ပြင်ဆင်ထားသည့် အစီရင်ခံစာများကို ညွှန်ပြကြသည်။ အချို့က သိပ္ပံပညာရှင်များအကြား သဘောထားကွဲလွဲမှုများနှင့် စပ်လျဉ်း၍ အကျယ်ချဲ့ပြောဆိုကြပြီး အဆိုပြုတင်ပြချက် များ အားလုံးကို အခိုင်အမာ သက်သေမထူနိုင်သေးမချင်း လက်တွေ့ အကောင်အထည်ဖော်ရန် မလိုအပ် သေးဟု ကောက်ချက်ချကြသည်။ အထက်တွင် ကျွန်ုပ်တို့ ဖော်ပြခဲ့သည့်အတိုင်း သိပ္ပံပညာရှင်များ၏ ရေးသား သုံးသပ်ထားသည့် သိပံ္ပ ဆောင်းပါးများကိုလည်း ဂျာနယ်များတွင် ဖော်ပြလေ့ရှိသည်။ ရာသီဥတု အပြောင်းအ လဲဆိုင်ရာ အစိုးရချင်း ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့က အများသဘောတူညီမှုရရှိသည့် ကြေညာချက်များကို ထုတ်ပြန်လေ့ရှိသည်။ လိုရင်းကို တင်ပြရလျှင် ၎င်းသည်ရှုပ်ထွေးသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး ရရှိသည့် အထောက်အထားအပေါ် ယုံကြည်နိုင်ခြေရှိမှုမှာ ပြောင်းလဲနေသည်။ ရာသီဥတု ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ထပ်မံစုံစမ်းစစ်ဆေးရန်ကိစ္စကို စာရှုသူများ ဝေဖန်ဆန်းစစ် တွေးခေါ်မှု အလေ့အကျင့် ပြုလုပ်နိုင်ရန် ချန်ထား ရစ်မည်။

ဝေဖန်ဆန်းစစ် တွေးခေါ်ရာ၌ တစ်ခါတစ်ရံ၌ စိတ်ရောကိုယ်ပါ အပင်ပန်းခံ၍ အားထုတ်ရလေ့ရှိသည်။ ပျင်းရိသူများနှင့် မိမိတို့၏ စိတ်စွမ်းရည်များကို အသုံးမချလိုသူများသည် ဝေဖန်ဆန်းစစ် တွေးခေါ်နိုင်ရန် အခွင့်အလမ်း နည်းပါးလှသည်။ သို့ဖြစ်ရာ ဝေဖန်ဆန်းစစ် တွေးခေါ်မှုမှာ မျက်စိစုံမှိတ်၍ ပြစ်တင်ဝေဖန်မှုနှင့် များစွာကွာခြားပေသည်။ မျက်စိမှိတ် ပြစ်တင်ဝေဖန်ခြင်းတွင် ကြိုပမ်းအားထုတ်မှု များစွာမလိုအပ်ချေ။ ဝေဖန်သူ၏ ကြေညာချက်များတွင် အများလက်ခံနိုင်ဖွယ် အခြေခံ အထောက်အထားဟူ၍ မပါရှိပေ။ ဝေဖန် ဆန်းစစ်တွေးခေါ်မှုသည် အထူးသဖြင့် အချို့သော အငြင်းပွားဖွယ် ခေါင်းစဉ်များကို ရှင်းလင်းဖော်ပြရန် ခိုင်မာသည့် လူ့အဖွဲ့အစည်း တစ်ရပ်အတွက် လိုအပ်သော်လည်း တစ်ဦးနှင့်တစ်ဦး အပြစ်ရှာရုံသက်သက် ဝေဖန်မှုမျိုးမှာ လူတစ်ဦးနှင့်တစ်ဦးအကြား မလိုအပ်ဘဲ အမုန်းပွားစေရန်သာ ဖန်တီးပေးနိုင်မည် ဖြစ်သည်။

ဝေဖန်ဆန်းစစ် တွေးခေါ်မှုဟုဆိုရာ၌ ကျွန်ုပ်တို့သည် မယုံသင်္ကာစိတ်ထားတတ်ပြီး အရာရာကို ငြင်းပယ်ရ မည်ဟု အဓိပ္ပာယ်မသက်ရောက်ချေ။ စင်စစ် ယင်းအဓိပ္ပာယ်သတ်မှတ်ချက်များတွင် သတ်မှတ်စံနှုန်းများနှင့် အဆင့်အတန်းများကို အထူးဂရုစိုက်ရန်ဟူသော နှိုးဆော်ချက်လည်း ပါဝင်သည်။ လက်တွေ့အားဖြင့် လူတစ် ယောက်တွင် ရည်ညွှန်းချက် တစ်စုံတစ်ရာမရှိပါက စိတ်ကူးထဲ၌ ရှေ့တိုးလုပ်ဆောင်ရန် အလွန်ခက်ခဲလာ မည်ဖြစ်သည်။ ဤလောက၌ အဖြူနှင့်အမည်း နှစ်ရောင်တည်းသာရှိခြင်း မဟုတ်ကြောင်း အလေးအနက် ထားရန်လိုအပ်သည်။ ကမ္ဘာပေါ်တွင် အရောင်းအသွေး မျိုးစုံရှိကြောင်း ဖော်ပြနေသည်။ ကျွန်ုပ်တို့သည် အချို့သော အရောင်များကို အခြားအရောင်များထက် ပိုမို အလေးထားနိုင်သည်။ သို့သော် ကမ္ဘာကြီးတွင် အရောင်တစ်မျိုးတည်းသာရှိပြီး အခြားအရောင်များအားလုံးမှာ အတုအယောင်များသာ ဖြစ်ကြသည်ဟု ကျွန်ုပ်တို့ အခိုင်အမာ မပြောနိုင်ချေ။ ကျွန်ုပ်တို့တွင် ယုံကြည်ချက်အချို့ စံပြုထားသည့် ပုံစံနှင့် တန်ဖိုး အချို့လည်း ရှိနိုင်ပေသည်။ ဤအရာများသည် သတင်းအချက်အလက်သစ်များကို ကျွန်ုပ်တို့ဆန်းစစ် အကဲဖြတ်ရာ၌ အထောက်အထာပြုရသည့် အချို့သော စံနှုန်းများနှင့် အဆင့်အတန်းများအတွက် အခြေခံ ရပ်တည်ချက် ဖြစ်လာနိုင်သည်။ ရံဖန်ရံခါ၌ ကျွန်ုပ်တို့ ပေါ့ပေါ့တန်တန် သဘောထားခဲ့သည့် အချို့သော စံပြုထားသည့် ပုံစံများကို ဆန်းစစ်ရန် ကျွန်ုပ်တို့အား ကြီးမားသောဖြစ်ရပ်များနှင့် တွေ့ရှိချက်များက အတင်းတိုက်တွန်းကောင်း တိုက်တွန်းမည် ဖြစ်သည်။ မည်သို့ရှိစေ ယင်းသို့ ထူးခြားလှသည့် အလှည့် အပြောင်းများသည် လူတစ်ယောက် (သို့မဟုတ်) လူ့အဖွဲ့အစည်းတစ်ရပ် တစ်သက်တာတွင် မကြာခဏ ဖြစ်ပျက်လေ့မရှိချေ။

နိဂုံးချုပ်အားဖြင့် ဖော်ပြရလျှင် ဝေဖန်ဆန်းစစ်တွေးခေါ်မှု စွမ်းရည်များသည် လူတိုင်းအတွက် မရှိမဖြစ်လိုအပ် သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ချို့ယွင်းချက်များ၊ ဘက်လိုက်မှုများ၊ ကြိုတင်ဆုံးဖြတ်ချက်များကိုသာမက ကျွန်ုပ်တို့ သတင်းအချက်အလက်သစ် စုဆောင်းသည့်အခါ အသုံးပြုလေ့ရှိသော သတင်းပင်ရင်းများ၊ အစီအ စဉ်များ၊ ကမ္ဘာ့အမြင်များ၊ နမူနာပုံစံများနှင့် သတင်းဆက်သွယ်ရေး လမ်းကြောင်းများကိုလည်း သတိချပ် ရမည်ဖြစ်ပေသည်။ ဝေဖန်ဆန်းစစ် တွေးခေါ်မှုကို ရုတ်ခြည်း အကောင်အထည်ဖော်၍ မရနိုင်ချေ။ မိမိကိုယ်တိုင် ပြုမိသည့် အမှားများနှင့် မျက်နှာချင်းဆိုင်နိုင်ရန် ကြိုးပမ်းအားထုတ်မှု ပြုရမည့်အပြင် သတ္တိရှိရန်လည်း လိုအပ် သည်။ ထို့အတူ ဝေဖန်ဆန်းစစ် တွေးခေါ်တတ်ရန်လည်း ရုတ်ခြည်း သင်ကြားပေး၍ မရနိုင်ပေ။ အစိုးရ လက် အောက်ခံ ပညာသင်ကြားရေးဌာနများနှင့် ပုဂ္ဂလိက အလွတ် ပညာသင်ဌာနများသည် ကျောင်းသားများထဲတွင် ဝေဖန်ဆန်းစစ် တွေးခေါ်မှုစွမ်းရည်များ ဖွံ့ဖြိုးလာအောင် အားသွန် ကြိုးပမ်းကြရမည် ဖြစ်ရာ ယင်းသို့သော ကြိုးပမ်းအားထုတ်မှုတစ်ရပ် အောင်မြင်ရေးမှာ ကျွန်ုပ်တို့၏ သင်ကြားရေးနည်းလမ်းကို ပြုပြင်မွမ်းမံရန် လိုအပ် ကောင်း လိုအပ်မည်ဖြစ်သည်။ နောက်ဆုံးတွက်ဆမှုအရ လူသား အားလုံး၏ အကျိုးအတွက် ဤကမ္ဘာပေါ်တွင် ဝေဖန်ဆန်းစစ် တွေးခေါ်တတ်သူဦးရေ တိုးပွားလာစေရန် ကျွန်ုပ်တို့က လိုအပ်သည့် အစီအစဉ်များ ချမှတ် လုပ် ဆောင်ရေးသည် အလွန်အမင်း အရေးပါလှပေသည်။

ရည်ညွှန်း

Dr. Ertan Salik ရေးသားသော

Critical Thinking ကို ဆီလျော်အောင် ဘာသာပြန်ဆို ထားပါသည်။ ဒေါက်တာ အာတန်ဆာလစ်သည် ကယ်လီဖိုးနီးယားပြည်နယ် နည်းပညာတက္ကသိုလ်မှ ရူပဗေဒ ပါမောက္ခတစ်ဦး ဖြစ်သည်။ စာသင်ကြားပို့ချခြင်းနှင့် ရူပဗေဒသုတေသန လုပ်ငန်းကိုပါ လုပ်ကိုင်သူ ဒေါက်တာဆာလစ်သည် လတ်တလောတွင် ပညာသင်ကြားရေး အစီအစဉ် အများအပြား၌ ပါဝင်ဆောင်ရွက်နေသည်။

Related Post

အရှင်မြတ်၏မေတ္တာ (အပိုင်း-၁)

အရှင်မြတ်၏မေတ္တာ (အပိုင်း-၁)

ကျွန်ုပ်တို့၏ စိတ်နှလုံးများ၌ အာဃာတ၊ ရန်လိုမုန်းတီးစိတ်၊ အမုန်းပွား လိုစိတ်များ ထိန်းမရအောင် လွှမ်းမိုးနေသော ဤငြီးငွေ့ဖွယ်ရာ အမင်္ဂလာများ နှင့် ပြည့်နေသည့် ခေတ်တွင် မေတ္တာကရုဏာ နှင့်…

Leave a Reply

Your email address will not be published. Required fields are marked *