မှတ်ဉာဏ်ဘာကြောင့်နည်းလာရ (လှဘွဲ့ဖြူ/စိတ်ပညာ)

မှတ်ဉာဏ်ဘာကြောင့်နည်းလာရ (လှဘွဲ့ဖြူ/စိတ်ပညာ)

မှတ်ဉာဏ်ဘာကြောင့်နည်းလာရ (လှဘွဲ့ဖြူ/စိတ်ပညာ)

မှတ်ဉာဏ်ဆိုတာ ဦးနှောက်ရဲ့ အဓိက လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။ သိလာရတဲ့ သတင်း အချက်အလက် တွေကို အဲဒီမှတ်ဉာဏ်ကပဲ မှတ်သားထားပေးသလို အရင်ကသိထားတဲ့ အချက်အလက်တွေနဲ့လည်း ဆက်စပ်ပေးပါတယ်။ မှတ်ဉာဏ်ကောင်းတယ်ဆိုတာ လူတိုင်းအတွက် ဘဝမှာအရေးပါတဲ့ စွမ်းရည် တစ်ရပ်ပါ။ မိဘတိုင်းကလည်း မိမိရဲ့ သားသမီးတိုင်းကို မှတ်ဉာဏ်ကောင်းစေချင် ကြပါတယ်။ မှတ်ဉာဏ် သိပ်ကောင်း သူတွေနဲ့ ပညာရှင်တွေကို လူတိုင်း လိုလို မြင်ဖူးကြပါတယ်။

သူတို့ဟာ တစ်ခါသိပြီးရင် ဘယ်တော့မှ မမေ့တတ်တာကြောင့် သူတို့ကို လူတွေက သတိထားမိ တတ်ကြ ပါတယ်။ ဘီစီ ၅ ရာစုနှစ်လောက်က စီရိုမြို့သား ဆီမိုနိုက် (Simonides of Ceos) ဆိုတဲ့သူဟာ ကဗျာပုဒ်ရေ ထောင်နှင့်ချီပြီး အလွတ်ရတယ်လို့ သိရပါတယ်။ တမန်တော် မိုဟာမက်ရဲ့ နောက်လိုက်တစ်ဦးဖြစ်တဲ့ ဇိုက်ဘင်သာဘစ် (Zayd bin Thabit) ဆိုသူဟာလည်း ဟီဘရူးဘာသာစကားကို ၁၅ ရက်ကနေ ရက် ၂ဝ အတွင်းမှာ တတ်ကျွမ်းအောင် သင်နိုင်ခဲ့တယ်လို့ အဆိုရှိပါတယ်။

၁၉၆ဝ ခုနှစ်မှာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဥရောပတိုက်ရဲ့ အကျော်ကြားဆုံး ခေတ်သစ်သိပ္ပံနှင့် ဝိညာဉ်ရေး ရာသုခမိန်ကြီး တစ်ဦးဟာဆိုရင် အများနဲ့မတူ တစ်မူထူးခြားတဲ့ ရှားရှားပါးပါး မှတ်သားဉာဏ်ကောင်းသူ တစ်ဦးဖြစ်ပါတယ်။ သူဟာ စာတစ်မျက်နှာကိုတစ်ခါဖတ်ပြီးရင်တစ်ထိုင်တည်းနဲ့ ချက်ချင်းပြန်အလွတ် ဆိုပြနိုင် ပါတယ်။သူ့ဆရာကတောင် သူ့ရဲ့ပင်ကိုယ် စွမ်းရည် မှတ်သားဉာဏ်ကောင်းလွန်းလို့ သြချယူခဲ့ရပါတယ်။ ”အမှန်တော့ ဒီလိုမျိုးအဆင့် မှတ်ဉာဏ် ကောင်းတာရော ဦးနှောက်ဉာဏ် ကောင်းတာပါ တပေါင်းတည်း တွေ့ရတာဟာ သူတစ်ယောက်တည်းမှာပဲ လာပြီး ရှားရှားပါးပါး ရှိနေတာပါ။ အမှန်တော့ လူတိုင်းမှာသာ ဆန္ဒရှိမယ်ဆိုရင် သူ့လိုမျိုး မှတ်သားတက်တဲ့ ဉာဏ်မျိုးကို လေ့ကျင့်ယူလို့ ရနိုင်ပါတယ်။ ဒါပေမဲ့လည်း လူအများစုကတော့ သူတို့ရဲ့လွယ်လွယ် မေ့လျော့သွားတက်တာကိုပဲထိုင်ပြီး အပြစ်တင်နေ တတ်ကြပါတယ်” ဟု သူ့ဆရာက မှတ်ချက်စကား ဆိုခဲ့ပါတယ်။

ဒီနေ့ခေတ်မှာ လူကြီးလူငယ်မဟူ မေ့တတ်လွန်းလာ ပါတယ်။ ဒါဘာကြောင့်များ ဖြစ်ရတာပါလဲ။ မေ့တတ်တာနဲ့ မှတ်ဉာဏ်နည်းတာ ဘာကြောင့်ဖြစ်ရလဲ ဆိုတာကတော့ အကြောင်းအမျိုးမျိုး ရှိတတ်ပါတယ်။ နမော်နမဲ့ နိုင်တာ၊ ကိုယ်သိလာတဲ့ သတင်းအချက် အလက်တွေကို အသုံးမပြုမိတာအပြင် ဘယ်လိုနည်းနဲ့ မှတ်ထားရင် ကောင်းမလဲဆိုတာကိုပါ မသိတာတွေဟာ မေ့တတ်ဖို့အကြောင်း ဖန်လာတဲ့ အကြောင်းရင်း တချို့ပါပဲ။ ဒါကြောင့် မှတ်ဉာဏ် အားနည်းစေတဲ့ အချက်တွေအကြောင်း ပြောရမယ်ဆိုရင်တော့ မတင်မကျ ဖြစ်စရာ တွေက အများကြီး ရှိနေတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ စိတ်ကျရောဂါ၊ စိတ်ဖိစီးမှုနဲ့ စိတ်ရှုပ်ထွေးမှု တွေကြောင့် မှတ်ဉာဏ်အားနည်းလာရပုံတွေအပြင် အရက် ဒါမှမဟုတ် မူးယစ်ဆေးသုံးစွဲမှုစတဲ့ အပြုအမူတွေ ကြောင့် မှတ်ဉာဏ်အားနည်းလာရပုံတွေကို တင်ပြသွားမှာဖြစ်ပါတယ်။ ဒါအပြင် ဘာသာရေးအရ စိတ်ပိုင်းဆိုင် ရာ အပြောင်းအလဲတွေ ဖြစ်အောင်လုပ်ရင်း မှတ်ဉာဏ်အားနည်းစေတဲ့အကြောင်းတရားတွေကို လျှော့ချနိုင်ပုံ နည်းလမ်းတွေကိုလည်း တင်ပြသွားမှာဖြစ်ပါတယ်။

စိတ်ကျရောဂါ ခံစားရတာနဲ့အမျှ စိတ်ဖိစီးမှုများတဲ့ ဘဝဟန်ပန်တွေဟာ မှတ်ဉာဏ်ကို အားနည်းစေတဲ့အပြင် မေ့တတ်လျော့တတ်တာလည်း ဖြစ်စေတတ်တဲ့ အဓိကလက်သည် တရားခံတွေပဲဆိုတာကို အရင်ဆုံးပြောပြ ချင်ပါတယ်။ ခုခေတ်မှာတော့ စိတ်ကျရောဂါဆိုတာ လူတိုင်း အသက်အရွယ်မရွေး ခံစားရနိုင်တဲ့ ရောဂါတစ် ခုဖြစ်သလို ရောဂါဖြစ်စေတဲ့ အကြောင်းတရားတွေဟာလည်း အများကြီးကိုရှိပါတယ်။ ကိုယ်ချစ်ရသူတစ်ဦး ကွယ်လွန်သွားရင် စိတ်ကျရောဂါ ခံစားရလေ့ရှိသလို အဲဒီရောဂါဒဏ်ကြောင့်ပဲ မှတ်ဉာဏ်လည်း ထိခိုက်လာ တတ်ပါတယ်။ ဒါ့အပြင် စိုးရိမ်စိတ်နဲ့ ဒေါသစိတ်တွေကလည်း ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းတွေကို ချည့်နဲ့သွား အောင် လုပ်စေနိုင်ပါတယ်။ အထူးသဖြင့် စိတ်ကျဝေဒနာဟာ လူတစ်ယောက်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကကို အနှောင့်အယှက်ပြုတာကြောင့် မှတ်ဉာဏ်ကို ထိခိုက်စေတဲ့ စိတ်ခံစားမှု တစ်မျိုးဖြစ်ပါတယ်။ အလုပ်လုပ်နိုင်ဖို့နဲ့ ပညာသင်ကြားနိုင်ဖို့ အာရုံစူးစိုက်ဖို့ လိုအပ်ပေမယ့် တချို့လူတွေဟာ ဆက်တိုက်ဆိုသလိုပဲ မေ့တတ်လာပါ တယ်။ စိတ်ကျဝေဒနာကြောင့် ဖြစ်လာရတဲ့ အပြုသဘော မဆောင်တဲ့ စိတ်ခံစားချက်တွေကို သစ်လွင်လန်း ဆန်းတဲ့ ဘဝဒဿနတွေအဖြစ် ပြောင်းလဲနိုင်ရင်တော့ မှတ်ဉာဏ်စွမ်းအားကောင်းလာဖို့ အထောက်အကူဖြစ် နိုင်ပါတယ်။

စိတ်ရှုပ်ထွေး နောက်ကျိနေရတာဟာလည်း မှတ်ဉာဏ်ကို အားနည်းစေတဲ့ ဒုတိယအရေးကြီးတဲ့ အချက် ကြီးတစ်ရပ်ပါ။ နေ့စဉ်နေ့တိုင်းမှာ လူတွေဟာ နေရာအနှံ့ကနေ သတင်းအချက်အလက် အသစ်တွေကို ရနေကြတဲ့အပြင် ဗဟုသုတတွေကိုလည်း လိုအပ်တာထက် ပိုရနေကြပါတယ်။ အဲဒီ ဗဟုသုတတွေထဲက တချို့ဟာ အကျိုးရှိနိုင်ပေမယ့် အတော်များများကတော့ အသုံးမတည့်နိုင်သလို သူတို့ကြောင့် အကျိုးရှိမယ့် သတင်းအချက်အလက်တွေကိုတောင် အာရုံမစိုက်မိအောင်ကို ဖြစ်တတ်ပါတယ်။ ဒီနေ့ခေတ်မှာ စိတ်ထဲမှာ သတင်းအချက်အလက်တွေ ပွစာကျဲလောက်အောင် မှတ်နေရတာဟာ မှတ်ဉာဏ်အားနည်းလာရတာရဲ့ အကြောင်းတစ်ရပ်လို့ ပညာရှင်တချို့က ဆိုပါတယ်။

လူတွေက စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ အရေးပါတာကို လျစ်လျူရှုမိကြတာဟာလည်း မှတ်ဉာဏ် အားနည်းလာရတာရဲ့ အကြောင်းရင်း တစ်ရပ်လို့ ကျွမ်းကျင်သူတချို့က ထောက်ပြပြန်ပါတယ်။ သရုပ်ဆောင် တစ်ယောက်ဟာ ဇာတ်ဝင်ခန်းတွေမှာ သူဘယ်လို သရုပ်ဆောင်ရမယ်ဆိုတာကို ကောင်းကောင်းကြီး မှတ်မိနေတာဟာ စိတ်ခံစားချက်တွေကို ထိန်းထားနိုင်လို့ပဲဖြစ်ပါတယ်။ စိတ်ဝင်စားမှုရှိရင် စိတ်ခွန်အားကို တိုးပွားစေတတ်တာကြောင့် စိတ်ဝင်စားမှုဟာ သင်ယူမှုဖြစ်စဉ်မှာ ဆရာလို့တောင် ပြောစမှတ်ပြုကြပါတယ်။ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းက ကျိုးကြောင်းဆက်စပ်မှုနဲ့ဆိုင်တဲ့ ဆောင်ရွက်ချက်တွေကိုလုပ်ပြီး ညာဘက်ခြမ်း ကတော့ စိတ်ခံစားမှုနဲ့ အနုပညာဖန်တီးနိုင်စွမ်းတွေကို ဆောင်ရွက်ပေးတာပါ။ ဦးနှောက်ရဲ့ နှစ်ခြမ်းစလုံးကို အချိုးညီညီ အသုံးချနိုင်တဲ့ သူတွေဟာ အခြားသူတွေထက် ဦးနှောက်စွမ်းရည် ငါးဆလောက်နီးနီးသာ တယ်လို့ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယား တက္ကသိုလ်ကပါမောက္ခ ရောဘတ် အွန်စတင် (Prof. Robert Orntein)က ရှင်းပြထားပါတယ်။ ဒါကြောင့် ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းကိုပဲ အသုံးပြုပြီး စိတ်ခံစားမှုကို စေစားတဲ့အခြမ်းကို သုံးဖို့ပျက်ကွက်နေမယ်ဆိုရင်လည်း မှတ်ဉာဏ်ကို အားနည်းစေနိုင်တဲ့အပြင် တစ်ခုခုကို ခဏတာအတွင်း မေ့သွားတတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာပြောရရင် စကားလုံးငါးလုံးလောက်ကို စဉ်းစားဆက်စပ်မှုမရှိဘဲ အလွတ်ကျက်ရင် ခဏလေးပဲ မှတ်မိမှာဖြစ်ပါတယ်။ ဒါပေမဲ့ အတိုကောက် ဒါမှမဟုတ် ဇာတ်လမ်းလေးတစ်ခုနဲ့ တွဲမှတ်မယ်ဆိုခဲ့ရင် ဆက်စပ်စဉ်းစားမှုကိုပါ အသုံးချတာ ဖြစ်တဲ့အတွက် အချိန်ကြာကြာ မှတ်မိနိုင်မှာပါ။

မှတ်ဉာဏ် အားနည်းအောင်လုပ်တာမှာ အဖျက် စွမ်းအားကြီးတဲ့ ရုပ်ပိုင်းဆိုင်ရာ လက်သည်တရားခံတွေ ရှိနေပါသေးတယ်။ အဲဒါတွေက အရက်စွဲတာနဲ့ မူးယစ်ဆေး စွဲတာတွေပေါ့။ ကင်းနစ်ဘိစ်(Cannabis, Marijuana) လို့လည်းသိကြတဲ့ ဆေးခြောက် အနွယ်ဝင်တွေဟာ ဦးနှောက်ထဲက ဟိပိုကင်းပတ်စ် (Hippocampus)လို့ခေါ်တဲ့ သိမြင်နားလည် တုံ့ပြန်နိုင်တဲ့ အစိတ်အပိုင်းကို ချည့်နဲ့သွားအောင် လုပ်နိုင်ကြ ပါတယ်။ အကျိုးဆက်ကတော့ မှတ်ဉာဏ်ဆုံးပါးမတတ်ကို ဖြစ်သွားရတော့တာပါ။ ဒါ့အပြင် အရက်ကို အလွန် အကျွံသောက်ရင် နောက်ကြောင်းပြန် တွေးပြီး မှတ်မိနိုင်စွမ်းတွေ ပျက်စီးသွားနိုင်ပါတယ်။ ဒီလို ပျက်စီးသွား တာကြောင့် သင်ယူထားတာတွေ၊ အတိတ်ဖြစ်ရပ်နဲ့ ယှဉ်တွဲစဉ်းစားနိုင်စွမ်းတွေနဲ့ အရင်က အဖြစ်အပျက်တွေကို မှတ်မိနိုင်စွမ်း နည်းပါးသွားရပါတယ်။ ဒါတင်မကသေးပါဘူး။ ခဏတစ်ဖြုတ်မှတ်သားရမယ့် အချက်တွေကို မမှတ်နိုင်တော့သလို အတိတ်မေ့ရောဂါလည်း ဖြစ်လာနိုင်ပါတယ်။ လူတစ်ယောက် အရက်သောက်လိုက်ပြီ ဆိုတာနဲ့ ခန္ဓာကိုယ်က အရက်ကို ချက်ချင်းခြေဖျက်ပါတယ်။ ခန္ဓာကိုယ်ထဲကို အရက်ရောက်လာပြီဆိုရင် ဦးနှောက်ထဲကိုလည်း အောက်စီဂျင် အရောက်နည်းသွားရပါတော့တယ်။ ဒါကြောင့် အရက်ဟာ လူရဲ့ ပင်မ အာရုံကြော အဖွဲ့အစည်းကိုလည်း ပျက်စီးစေတတ်တာပါ။

ဘာသာတရား ကိုင်းရှိုင်းမှု တစ်နည်းအားဖြင့် နေ့စဉ်ဘဝကို ဘုရားလေး၊ တရားလေးနဲ့ ဖြတ်သန်းတာဟာ မှတ်ဉာဏ်အားနည်းတဲ့ ဒဏ်ကိုမခံရဖို့ အထောက်အကူ ပြုပါတယ်။ ရှာတီဘီ (Shatibi) ဆိုတဲ့ တွေးခေါ်ရှင် တစ်ဦးကတော့ ဘာသာတရား အသီးသီးမှာ ရည်ရွယ်ချက် ငါးခုစီရှိ ကြတယ်လို့ဆိုပါတယ်။ အဲဒါတွေကတော့ ဘာသာတရားကို ကာကွယ်ဖို့၊ ဘဝကိုလုံခြုံစေဖို့၊ သားသမီးမျိုးဆက်ကို ကာကွယ်ဖို့၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေဖို့နဲ့ မိမိအကျိုစီးပွားကို ကာကွယ်ဖို့ စတာတွေပဲဖြစ်ပါတယ်။ ဘာသာတရားတိုင်း နဲ့ နိုင်ငံတိုင်းဟာ ဒီလိုမြင့်မားတဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည် ဖော်ကြရမှာဖြစ်ပါတယ်။ စိတ်အာရုံကို ထိခိုက်ညစ် ညမ်းစေတဲ့ အပြုအမူတွေအားလုံးကိုရှောင်ကြဉ်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုဖြစ်စေတဲ့ အကျင့်အကြံ တွေကို ကျင့်ကြဖို့ အားထားကိုးကွယ်စရာ ကျမ်းဂန်အခိုင်အမာရထားတဲ့ လူသားတွေမှာ ညွှန်ကြားချက်တွေရှိထားပါ တယ်။ သူတို့ကို အရက်မသောက်ဖို့နဲ့ မူးယစ်ဆေးမသုံးစွဲဖို့ တားမြစ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအပြုအမူတွေဟာ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းစေလို့ပါပဲ။ ဒါအပြင် ဘယ်အချိန်၊ ဘယ်အခြေအနေမှာမဆို ဘုရားတရားကို ဦးထိပ်ပန် ယုံကြည်မှုရှိတာတွေဟာ ခေတ်ရေစီးကြောင်းကြောင့် ရလာနိုင်တဲ့ စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှု ခံရတာတွေကို လျော့ပါးပြေပျောက်စေနိုင်ပါတယ်။

”သက်ဝင်ယုံကြည်မှု အစစ်အမှန်ရှိသူတွေဟာ ဘာကိုမှ ဖြုံနေစရာမလိုသလို ရင်ဆိုင်လာရတဲ့ အကဲစမ်းမှုတွေ အောက်ကလည်း ယုံကြည်မှု အတိုင်းအဆအပေါ်မှာ မူတည်ပြီး လွတ်မြောက်နိုင်တယ်”လို့ နူရ်ဆီဆိုတဲ့ သုခမိန်ပညာရှင်ကြီးက ပြောခဲ့ဖူးပါတယ်။ နူရ်ဆီပြောသလိုပါပဲ။ ဘုရားသခင်ကို အားထားယုံကြည်မှု ရှိနေမယ် ဆိုရင် တောင်လိုမောက်တဲ့ လောကဓံရဲ့ လှိုင်းလုံးတွေကြားမှာ ဘဝဆိုတဲ့ လှေကိုတက်စုံ ရွက်စုံဖွင့်ပြီး ဘေး မသီရန်မခ ခရီးဆက်နိုင်မှာ ဖြစ်ပါတယ်။ ကြုံလာရသမျှ ဝန်ထုပ်ဝန်ပိုးတွေကို ဖြေရှင်းဖို့ အရှင့်လက်တော်ပါးကို ယုံယုံကြည်ကြည် အပ်နှံလိုက်ရင် တစ်သက်တာရဲ့ နောက်ဆုံးနေ့အထိ ဘဝခရီးကို ချောချောမွေ့မွေ့ လျှောက် လှမ်းနိုင်မှာဖြစ်ပါတယ်။

ရည်ညွှန်း

Hakan Coruh ရေးသားသော

Poor Memory and Its Causes ဆောင်းပါးကို

ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

Related Post

အစ္စလာမ်ကို အလွဲသုံးစားပြုပြီး ဒီမိုကရေစီစနစ်ကို ပြစ်တင်ခြင်း

အစ္စလာမ်ကို အလွဲသုံးစားပြုပြီး ဒီမိုကရေစီစနစ်ကို ပြစ်တင်ခြင်း

တူရကီနိုင်ငံ၏ လတ်တလောနိုင်ငံရေးဦးတည်ချက်များကြောင့် အစ္စလာမစ်နိုင်ငံဟူသည် “အစ္စလာမ့် အနှစ်သာရနှင့် ဝိရောဓိဖြစ်ခြင်း”ဟု ခေါင်းစဉ်တပ်ရလောက်အောင် ပမာဆောင်သော်ငြားလည်း အစ္စလာမ်သည် ဒီမိုကရေစီစနစ်နှင့် သဟဇာတဖြစ်သည်။ ၂၀၀၀ ခုနှစ်အစောပိုင်းကာလတွင် တူရကီနိုင်ငံက “ခေတ်သစ်မွတ်စလင်ဒီမိုကရေစီအတွက်…

Leave a Reply

Your email address will not be published. Required fields are marked *