ဂျပန်တို့၏အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း (ဇော်လူ/မျက်နှာဖုံးဆောင်းပါး)

ဂျပန်တို့၏အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း (ဇော်လူ/မျက်နှာဖုံးဆောင်းပါး)

ပြီးခဲ့သည့် ၂ဝ ရာစုသည် ပြိုကွဲပျက်စီးသွားသော စိတ်ကူးယဉ်စီမံကိန်းများဖြင့် မှတ်တမ်းဝင်သွားခဲ့ သည်။ မော်စီတုန်း လမ်းစဉ်ကိုလိုက်မိသော တရုတ်ပြည်၊ နာဇီ ဂျာမနီ၊ ဆိုဗီယက် ယူနီယံ၊ တာလီဘန် အုပ်စိုး သော အာဖဂန်နစ္စတန်နိုင်ငံနှင့်၊ ဖက်ဆစ်နှင့် ကွန်မြူနစ်နိုင်ငံအများအပြား ပါဝင်ခဲ့သည်။

ကမ္ဘာစစ်အတွင်းက စစ်ဝါဒီများကြီးစိုးသော ကာလတစ်ခုကလွဲလျှင် ဂျပန်နိုင်ငံသည် ကမ္ဘာ့အလယ်၌ သိသိသာသာ ပျောက်ကွယ်နေခဲ့သည်။ ဂျပန်နိုင်ငံသည် ကမ္ဘာကြီးကို ယခုထက်တိုင် အတွေးနယ်ကျယ်အောင် လုပ်ပေးနေဆဲဖြစ်သည်။ လယ်ယာလုပ်ငန်းကိုသာ အားထားနေရပြီး ၁၈၅၃ ခုနှစ်ရောက်မှ ကမ္ဘာနှင့် ထိတွေ့ ဆက်ဆံခွင့်ရခဲ့သည့် နိုင်ငံတစ်နိုင်ငံသည် ၁၉ဝ၅ ခုနှစ်တွင် ရုရှားနိုင်ငံကို စစ်ပွဲ၌ မည်သို့တိုက်ခိုက်အနိုင်ယူခဲ့ပါ သနည်း။

ဒုတိယကမ္ဘာစစ်အတွင်းက အကြီးအကျယ် ချေမှုန်းခံခဲ့ရသည့် နိုင်ငံတစ်နိုင်ငံသည် ၁၉၆၂ ခုနှစ် အရောက်၌ လူတိုင်း သတိထားမိလောက်သည်အထိ မည်သို့အံ့ဘနန်း စီးပွားရေး တစ်ဟုန်ထိုး တိုးတက်လာ ခဲ့ပါသနည်း။

တစ်ချိန်က ကမ္ဘာပေါ်တွင် ကြောက်မက်ဖွယ် အကောင်းဆုံးနှင့် အရက်စက်ဆုံး စစ်ဝါဒီများ ကြီးစိုးသည့် နိုင်ငံတစ်နိုင်ငံဘဝမှ ယခုအခါ လက်နက်တပ်ဆင်ထားရန်ကိုပင် လက်မခံဘဲ မကြာသေးမီကမှ ၎င်း၏ တပ်ဖွဲ့ ဝင်များကို ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များထဲတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ရန် သဘောတူ ညီခဲ့သည်အထိ ပြောင်းလဲသွားအောင် ဘယ်အရာက စေ့ဆော်တိုက်တွန်းပေးခဲ့သနည်း။

အခြေအနေနှင့် လိုက်လျောညီထွေနေနိုင်စွမ်း (The ability to adapt)

၁၈၅၃ ခုနှစ်တွင် ဗြိတိသျှရေကြောင်း ဗိုလ်မှူးချုပ်ပယ်ရီ (Commondore Perry)၏ ရေတပ်ဖွဲ့ အီဒို (တိုကျို)ပင်လယ်အော် [Edo (Tokyo) Bay] သို့ ဝင်ရောက်လာသည့်အခါမှသာ ဂျပန်နိုင်ငံသည် နှစ်ပေါင်း ၂ဝဝကျော်ကြာသည်အထိ ပြင်ပကမ္ဘာနှင့် ဆက်ဆံခြင်းမရှိဘဲ နေလာခဲ့ရာက နိုးထလာခဲ့သည်။

မေဂျီမင်းဆက်သစ် (new Meiji dynasty) က ရှေးခေတ်ဖြစ်ရပ်များဆီသို့ ပြန်လှည့်သွားရခြင်း၏ ရည်ရွယ်ချက်ကို ချက်ချင်း ထုတ်ပြန်ကြေညာခဲ့သည်။

သို့ရာတွင် တစ်ပြိုင်တည်းမှာပင် ၎င်းသည် ပြင်ပကမ္ဘာနှင့်ဆက်ဆံခြင်းဖြင့် အသိပညာသစ်များ ရှာဖွေ လေ့လာသွားပြီး ဓလေ့ထုံးစံဟောင်းများနှင့် အနိုင်အထက်ပြုကျင့်မှုများကို တိုက်ဖျက်သွားမည်ဟု ဆိုသည်။

ဤသို့ ခေတ်တစ်ခေတ်ကို ပြောင်းလဲစေမည့် နေ့ရက်မတိုင်မီကပင် ထိုစဉ်က အုပ်စိုးနေသော တိုကူ ဂါဝါမင်းဆက် (Tokugawa dynasty)သည် သိသာထူးခြားသည့် လူမှုရေးအပြောင်းအလဲအတွက် အခြေခံအုတ် မြစ်ကို ချထားနှင့်ပြီးဖြစ်သည်။

ဥပမာ – ၎င်းတို့သည် ဂျပန်နိုင်ငံ၏ အထက်တန်းလွှာအသိုင်းအဝိုင်းကို အုပ်စိုးထားသည့် ရိုးရာစစ် သည်ရဲမက်များဖြစ်ကြသော ဆာမူရိုင်း (Samurai)များကို ယဉ်ကျေးသိမ်မွေ့လာအောင် စည်းရုံးကာ အစိုးရ ထောက်ပံ့ကြေးများရရှိပြီး မြေပိုင်ဆိုင်ခွင့်မရသော မြို့နေလူတန်းစားအဖြစ် အသွင်ပြောင်းပေးခဲ့သည်။

သို့ဖြင့် ၎င်းတို့သည် အစိုးရအရာရှိများ ဖြစ်လာကြသည်။ ၎င်းတို့ထဲမှ တာဝန်ခံဖြစ်သူသည် စွမ်းရည် ထက်မြက်မှသာ ၎င်းတို့က အမှန်တကယ် သစ္စာစောင့်သိကြပေသည်။ မျိုးနွယ်စုတစ်ခု၏ အကြီးအမှူးတစ်ဦး တည်းကိုသာ အကြွင်းမဲ့ သစ္စာစောင့်သိသည့် အစဉ်အလာလည်း အဆုံးသတ်သွားရသည်။

စစ်သည်၊ လယ်သမား၊ လက်မှုပညာသည်နှင့် ကုန်သည်ဟူသော လူတန်းစားအလွှာလေးမျိုးကိုလည်း ပယ်ဖျက်လိုက်ခြင်းဖြင့် လူတို့အား မိမိတို့ဘဝလမ်းခရီးကို မိမိတို့ စိတ်တိုင်းကျလွတ်လပ်စွာ ရှာဖွေခွင့်ပေးထား သည်။

ယခင်စစ်သည် အထက်တန်းလွှာသည် ဤကိစ္စကြောင့် စိုးရိမ်ပူပန်စရာအကြောင်း မရှိချေ။ အကြောင်း မှာ ယင်းအဆင့်မြင့်ရာထူးများကို တာဝန်ယူနိုင်လောက်အောင် အသိပညာရှိသူများမှာလည်း ၎င်းတို့ တစ်လွှာ တည်းတွင်သာ ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။

သို့သော် ၎င်းတို့အားလုံးသည် ထိုလမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းမရှိချေ။ အများအပြားသည် ၎င်းတို့ ဖယ်ထုတ်ခံထားရသည့် ကူးသန်းရောင်းဝယ်ရေးနှင့် ပညာရေးတို့တွင် စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြသည်။

တိုးတက်လာသည့် လူမှုရေး၊ ရွေ့ရှားနိုင်မှုနှင့် လုပ်ငန်းနယ်ပယ် ကျယ်ပြန့်လာမှုကြောင့် ဤအပြောင်း အလဲတစ်ရပ် ဖြစ်ပေါ်လာခြင်းကို အားလုံးက အထူးသဖြင့် ယခင်အထက်တန်းလွှာ အသိုင်းအဝိုင်းက ကြိုဆို ခဲ့ကြသည်။

သို့ဖြင့် ထွန်းသစ်စ ဂျပန်နိုင်ငံတွင် မေဂျီမင်းဆက်အာဏာရလာသည့်အခါ မြေရှင်ပဒေသရာဇ်စနစ်၏ နောက်ဆုံးအကြွင်းအကျန်အနည်းအကျဉ်းကို ကန့်ကွက်သူဟူ၍မရှိဘဲ အလျင်အမြန် ဖျက်သိမ်းပစ်နိုင်ခဲ့သည်။ ပို၍ အရေးပါလာသည့်အချက်မှာ ယခင်အထက်တန်းလွှာသည် ဂျပန်ဧကရာဇ်ကို ၎င်းတို့ဆန္ဒအလျောက် သစ္စာ ခံလာကြခြင်းဖြစ်သည်။

နှစ်အနည်းငယ်ကြာလာသည့်အခါ ဂျပန်ကျောင်းသားများကို ဥရောပနှင့်အမေရိကသို့ စေလွှတ်ပြီး နိုင်ငံ ခြား ဘာသာစကားများနှင့် ခေတ်မီအသိပညာနှင့် ကျွမ်းကျင်မှုအတတ်ပညာများကို လေ့လာသင်ယူစေခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင်များသည် ပြည်ပနိုင်ငံများသို့ ခရီးထွက်ခွာပြီး စက်ရုံအလုပ်ရုံများနှင့် ကုမ္ပဏီများ ထံ သွားရောက်လေ့လာကာ ၎င်းတို့အတွက် အကျိုးအမြတ်ရှိမည်ဟု ထင်ရသည့် ကုန်ပစ္စည်းများကို ဝယ်ယူ လာခဲ့ကြသည်။

မကြာမီကာလမှာပင် ဂျပန်နိုင်ငံသည် စူးစမ်းလိုစိတ်ပြင်းပြသော လူမျိုးတစ်မျိုးနေထိုင်ရာနိုင်ငံအဖြစ် ဂုဏ်သတင်း မွှေးလာလေတော့သည်။

နှစ် ၅ဝ မပြည့်မီကာလအတွင်း ဂျပန်နိုင်ငံသည် တစ်ချိန်က နိုင်ငံခြားသားများကို အလွန်ကြောက်ပြီး စစ်ဘုရင်များတန်ခိုးထွားသော အထီးကျန်နိုင်ငံဘဝမှ ဂျပန်ပြည်တွင် မတွေ့ဖူးသည့် အရာမှန်သမျှကို စူးစမ်းလို စိတ်ပြင်းပြလွန်းသဖြင့် အခြားနိုင်ငံများကပင် ပြက်ရယ်ပြုခြင်းခံရသော နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ပြောင်းလဲ ရောက်ရှိလာခဲ့လေသည်။

ပညာရေးနှင့် အတွေ့အကြုံအခြေပြု အသိပညာ(Education and experience-based knowledge)

မေဂျီခေတ်အတွင်း စာသင်ကျောင်းများ စတင်မပြန့်ပွားမီကပင် အတတ်ပညာရှင်များဟု သိထားကြ သူများသည် တိုင်းပြည်အတွင်း နေရာအနှံ့ ခရီးလှည့်လည်သွားရောက်ကြပြီး တိုးတက် တီထွင်ထားသော ပြည် တွင်းဖြစ်လယ်ယာစိုက်ပျိုးရေးသုံး စက်ကိရိယာပစ္စည်းများကို လယ်သမားများ ပိုမိုအကျိုးရှိစွာ အသုံးပြုတတ် လာအောင် ကြိုးပမ်းခဲ့ကြသည်။

ထိုသတင်းကိုလည်း လယ်သမားထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပုံနှိပ်ဖြန့်ဝေခဲ့သည်။ ဒေသခံပြည် သူများက လယ်ယာသုံးကိရိယာသစ်များ သို့မဟုတ် နည်းစနစ်သစ်များ အသုံးပြုပုံကို လယ်သမားများအား ပြသ ကြသည်။

ယခင်ထက် တိုးတက်ကောင်းမွန်သည့် ရလဒ်များကို တွေ့မြင်ရသည်။ ပြည်သူများသည် အစဉ်အလာ နည်းလမ်းဟောင်းများကို စွန့်လွှတ်ကာ ပိုမိုအကျိုးသက်ရောက်သော နည်းလမ်းသစ်များကို သဘောပေါက် လက်ခံလာကြသည်။

စီးပွားရေးလုပ်ငန်း တည်ထောင်ခြင်း(Entrepreneurship)

၁၈၈ဝ ပြည့်နှစ်တွင် ဂျပန်အစိုးရသည် ၎င်း၏ ရှေ့ပြေးစမ်းသပ်စက်ရုံများကို စီးပွားရေး လုပ်ငန်းရှင်များ အားရောင်းချခြင်း၊ ၎င်းတို့အား သီးသန့်လုပ်ငန်း လိုင်စင်များနှင့် အခြားအခွင့်ထူးများ ပေးအပ်ခြင်းအပြင် ၎င်းတို့၏ငွေလုံးငွေရင်း မတည်ရန်ပုံငွေ တချို့တစ်ဝက်ကို မကြာခဏ ပံ့ပိုးပေးခြင်းတို့ဖြင့် အမျိုးသားအကျိုးစီးပွား အလို့ငှာ စီးပွားရေးလုပ်ငန်းများ တည်ထောင်မှုကို အားပေးအားမြှောက်ပြုခဲ့သည်။

၁၈၈၁ ခုနှစ်တွင် အစိုးရသည် ယင်းလုပ်ငန်းများကို စီမံခန့်ခွဲရန် အလို့ငှာ လယ်ယာစိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို တည်ထောင်ခဲ့သည်။

ပထမကမ္ဘာစစ်ကြီးအပြီးတွင် ကျေးလက်နေ ဂျပန်ပြည်သူများသည် လခစားအလုပ်အကိုင်များ ရှာဖွေ ရန်မြို့ပေါ်ရပ်ကွက်များအတွင်းသို့ အလုံးအရင်း ဝင်ရောက်ခဲ့ကြလေသည်။

လုပ်ခွင်အခြေအနေများမှာ ဘေးအန္တရာယ်ကြီးမားလေ့ရှိပြီး လုပ်ခလစာမှာလည်း နည်းပါးသည်နှင့် ကြုံ ရတတ်သည်။ သို့သော် ၎င်းတို့သည် ၎င်းတို့၏ မိဘများထက် ပိုကောင်းသော ဘဝအဆင့်အတန်းတစ်ခုတွင် နေထိုင်ခွင့်ရရန်ဟူသော ပြင်းပြသည့် အလိုဆန္ဒကြောင့် မြို့ပေါ်သို့ လာမြဲတိုင်းလာနေကြသည်။

ထို့ပြင် စာအုပ်များနှင့် မဂ္ဂဇင်းများထဲတွင် ၎င်းတို့ဖတ်ရှုရသည့် အမေရိကန်တို့၏ အသက်မွေးမှုပုံစံကို ၎င်းတို့က ဦးဦးဖျားဖျား တွေ့ကြုံခံစားလိုသည်။

သို့ဖြင့် ၎င်းတို့၏ငွေများကို စုဆောင်းကြသည်။ ပညာသင်ယူကြသည်။ ထို့နောက် ၎င်းတို့၏ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများကို ထူထောင်လာကြသည်။

တိကျသော အချက်အလက်များအပေါ် အခြေခံသည့် လက်တွေ့ကျသော စီမံကိန်းရေးဆွဲခြင်း
(Realistic planning based on accurate data)

နောက်ထပ်အရေးကြီးသည့်ကိစ္စမှာ လုပ်ငန်းတစ်ရပ် မည်မျှအချိန်ကြာမြင့်မည်ကို ပြည်သူများ သိရှိစေ ရန် ကြိုတင်စီမံကိန်းရေးဆွဲခြင်းနှင့် မှတ်တမ်းသိမ်းဆည်းခြင်းဖြစ်သည်။

စီမံကိန်းရေးဆွဲသူများသည် ၁၇ ရာစုကပင် စိုက်ပျိုးရေးကဏ္ဍတွင် ယင်းသို့သော ကိစ္စရပ်များကို ဆွေး နွေးနေခဲ့ကြသည်။ ၁၉ ရာစု နှစ်ဆန်းပိုင်း အရောက်တွင် စိုက်ပျိုးရေးနည်းပညာရှင်များသည် လယ်သမားများ အား ၎င်းတို့ ဘာလုပ်ခဲ့သည်ဆိုခြင်းနှင့် ရလဒ်မှာ ဘာဆိုသည်ကို အသေးစိတ်မှတ်တမ်းပြုစုသိမ်းဆည်းထားရန် တိုက်တွန်းလျက်ရှိကြသည်။

သို့မှသာ ၎င်းတို့၏ ယခင်နှင့်ယခု အကျိုးရလဒ်များကို နှိုင်းယှဉ်နိုင်မည် ဖြစ်သည်။

၁၉၃ဝ ပြည့်နှစ်တွင် ယာယီစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က စီးပွားရေးလုပ်ငန်းများကို ကွပ်ကဲရေး၊ သိပ္ပံနည်းကျ စီမံခန့်ခွဲရေး သဘောတရားများ အကောင်အထည်ဖော်ရေး၊ စက်မှုလုပ်ငန်းဆိုင်ရာ ငွေကြေး ထောက်ပံ့မှုတွင် တိုးတက်မှုများရရှိရေး၊ ထုတ်ကုန်ပစ္စည်းများကို စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ ထုတ်လုပ်မှုလုပ် ငန်းစဉ်များ ရှင်းလင်းလွယ်ကူစေရေးနှင့် ပြည်တွင်းဖြစ်ကုန်ပစ္စည်းများ ထုတ်လုပ်မှုနှင့် သုံးစွဲမှုကို ထောက်ပံ့ရန် လုပ်ငန်းခွဲများထားရှိရေးအတွက် အစီအစဉ်များ ချမှတ်ခဲ့ကြသည်။

၎င်းတို့ကိုယ်တိုင် ဂျာမန်တို့၏မူကို အခြေခံလျက် ဂျပန်နိုင်ငံသည် သူ့ထက်ငါ အပြိုင်အဆိုင် ကုန်ကျ စရိတ် လျှော့ချထုတ်လုပ်ခြင်းမပြုဘဲ အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဈေးနှုန်းကို တစ်ပြေးညီညှိနှိုင်းခြင်း နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။

၎င်းတို့၏ အဓိကရည်မှန်းချက်ကား အမြတ်အစွန်းရရန်မဟုတ်ဘဲ ဂျပန်နိုင်ငံကို ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိလာအောင် တစ်နည်းတစ်ဖုံ ပူးပေါင်းဆောင်ရွက်ရန်နှင့် တီထွင်ရန်ဖြစ်သည်။

အဆုံးအဖြတ်ပေးသည့် အကြောင်းတရားတစ်ရပ်မှာ သမိုင်းအဆက်အစပ် ခိုင်မြဲနေခြင်းပင် ဖြစ်သည်။

ဥပမာအားဖြင့် ၁၉၂ဝပြည့်လွန်နှစ်များနှင့် ၁၉၃ဝပြည့်လွန်နှစ်များအတွင်းက သက်ဆိုင်ရာမူဝါဒများက ဦးစွာ ပုံစံထုတ်ခဲ့သူများသည် ဂျပန်နိုင်ငံတွင် အသက်ရှင်နေထိုင်ဆဲရှိပြီး ၁၉၅ဝ ပြည့်လွန်နှစ်များတွင် အားကြိုး မာန်တက် လုပ်ကိုင်ကြဆဲပင် ဖြစ်သည်။

ဂျပန်တို့၏ စက်မှုလုပ်ငန်းဆိုင်ရာမူဝါဒသည် ၎င်းတို့၏နိုင်ငံရေးဆိုင်ရာ ဆင်ခြင်နိုင်စွမ်းနှင့် အဖွဲ့အစည်း အလိုက် ပြုပြင်လိုစိတ်ရှိမှုတို့တွင် အရင်းခံပြီး ဂျပန်လူ့အဖွဲ့အစည်း၏ အခြားထူးခြားသော အရည်အသွေးတစ် ရပ်ရပ်နှင့် ပတ်သက်ခြင်းမရှိချေ။

စီးပွားရေးအကျပ်အတည်းက စက်မှုလုပ်ငန်းဆိုင်ရာ မူဝါဒကို မွေးဖွားပေးခဲ့သည်။

အမျိုးသမီးများနှင့်အစိုးရ (Women and government)

ဂျပန်နိုင်ငံ၏ စောစောပိုင်းဖွံ့ဖြိုးမှုတွင် အမျိုးသမီးများသည် အရေးပါသည့်အကြောင်းရင်း တစ်ခုဖြစ်ခဲ့ သည်။ ပထမကမ္ဘာစစ်ကြီးအပြီးတွင် ထူထောင်လာကြသည့် စက်ရုံအလုပ်ရုံများကို အမျိုးသမီးများ၏ လုပ်အား ဖြင့် လည်ပတ်ခဲ့ကြသည်။

ယင်းသို့ ပြုပြင်ပြောင်းလဲမှုတွင် အစိုးရကလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။

ဂျပန်တို့၏ လူနေမှုဘဝကို မြှင့်တင်ရာ၌ ကျိုးကြောင်းဆီလျော်မှု၊ စွမ်းရည်ထက်မြက်မှုနှင့် စီးပွားရေး တွက်ခြေကိုက်မှုတို့အပေါ် အခြေခံသည့် အမေရိကန်လူနေမှုပုံစံမျိုးကို အသားပေးဖော်ထုတ်ရန် အစိုးရက မူဝါဒ များ ချမှတ်ခဲ့သည်။

အသစ်အဆန်းမှန်သမျှကို လူအများပြောင်းလဲသုံးစွဲကြရန် တိုက်တွန်းအားပေးခဲ့သည်။

ကလေးကစားစရာမှစ၍ အစားအစာ၊ အဝတ်အထည်၊ စိတ်နေသဘောထားများ၊ ရပ်တည်ချက်များ စသည်ဖြင့် စုံလင်လှသည်။ ဤမူဝါဒမှာ အမျိုးသမီးများအတွက် ရည်ရွယ်သည်။

၎င်းက အမျိုးသမီးများကို အိမ်မှုကိစ္စများနှင့်သာ အစဉ်လုံးပန်းနေရသည့် လူရာမဝင်သော အိမ်ရှင်ဘဝ မှလွတ်မြောက်စေရုံမျှမက အလုပ်သမားအင်အားစုကြီးထဲသို့ အမျိုးသမီးများ အလုံးအရင်း ဝင်ရောက်ခွင့်ရလာ ခြင်းကြောင့် အမျိုးသမီးများ၏ ဘဝအဆင့်အတန်းပါ မြင့်မားလာစေသည်။

အထူးသဖြင့် ယခင်က အမျိုးသားများသာ လွှမ်းမိုးထားခဲ့သည့် ပညာရေးနှင့် အားကစားစသည့် နယ် ပယ်များတွင် အမျိုးသမီးများ နေရာယူလာနိုင်ကြသည်။

ဤအခြေအနေက ဂျပန်နိုင်ငံ၏ဖခင်ဦးဆောင်ရသော ယဉ်ကျေးမှုနှင့်အစဉ်အလာအရ ကျား၊ မ အဆင့် အတန်းခွဲခြားမှုများကို စိန်ခေါ်ရာရောက်နေမှန်း သတိပြုမိကြသော်လည်း အစိုးရက ဂျပန်နိုင်ငံသည် လူနေမှု အဆင့်အတန်းခွဲခြားမှုဖြစ်စေ၊ ကျား မ အခွင့်အရေး ခွဲခြားမှုဖြစ်စေ လုံးဝမရှိသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် အနိမ့်ဆုံးအားဖြင့် အမြင်ကောင်းအောင် ကြိုးပမ်းခဲ့ကြသည်။

မည်သို့ရှိစေ အစိုးရ၏အပြည့်အဝအားပေးထောက်ခံမှုကြောင့် ခေတ်ရေစီးကြောင်းသစ်များသည် ဆက် လက်၍ စီးဆင်းခဲ့ကြသည်။

ပြည်ပအယူအဆများနှင့် နည်းလမ်းများကို လက်ခံကျင့်သုံးလာခြင်း
(Adaption of foregin concepts and methods)

၁၉၄၅ခုနှစ်တွင် ဂျပန်တို့ စစ်ရှုံးပြီး တိုင်းတစ်ပါးလက်အောက် ကျရောက်ခဲ့ရသည့်အဖြစ်ကို ဂျပန်နိုင်ငံ သည် ၎င်း၏အစဉ်အလာကို မလိုက်နာမှု၊ ဗုဒ္ဓဘာသာဝင် သို့မဟုတ် ရှင်တိုဘာသာဝင်တို့၏ အခြေခံမူများကို သွေဖည်မှု သို့မဟုတ် အခြားအလားတူ အတွေးအခေါ်များကို လွှဲဖယ်ခဲ့မှုကြောင့်ဟု အပြစ်ပုံချခြင်း မရှိခဲ့ချေ။

ထိုအစား ဂျပန်ဧကရာဇ်က နိုင်ငံပိုင်အသံလွှင့်ဌာနမှ မိန့်ခွန်းပြောကြားရာ၌ ဂျပန်တစ်မျိုးသားလုံး ပေါင်း စည်းကြပြီး ဂျပန်နိုင်ငံကို ကမ္ဘာ့နိုင်ငံများနှင့်တန်းတူ တိုးတက်လာရေးအတွက် အနာဂတ်နိုင်ငံတည်ဆောက် ရေးတွင် စိတ်အားထက်သန်စွာ ဝိုင်းဝန်းကြိုးပမ်းအားထုတ်သွားကြရန် ပြည်သူများကို တိုက်တွန်းခဲ့သည်။ ဂျပန် ပြည်သူတစ်ရပ်လုံးကလည်း နားထောင်ခဲ့ကြသည်။

အမေရိကန်တပ်ဖွဲ့များသည် ကိုရီးယားစစ်ပွဲအတွင်းက ဂျပန်နိုင်ငံကို ၎င်း၏တပ်ဖွဲ့များအတွက် ရိက္ခာထောက်ပံ့သည့်နိုင်ငံအဖြစ် စတင်အသုံးပြုခဲ့ကြပြီး အပြန်အလှန်အားဖြင့် ၎င်း၏နည်းပညာနှင့် အကူအညီ များကို စတင်ပေးအပ်ခဲ့သည်။

ဂျပန်နိုင်ငံကလည်း ၎င်းတို့ထံမှ အကျိုးအမြတ်ရရှိရန် လက်စားချေလိုစိတ်ဖြင့် စတင်လုပ်ကိုင်ခဲ့သည်။

ဂျပန်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုမှာ ထိုက်ထိုက်တန်တန် အကျိုးခံစားခဲ့ရသည်ဟု ဆိုရပေမည်။

၁၉၆၂ ခုနှစ် အရောက်၌ ကမ္ဘာ့ဈေးကွက်တွင် ဂျပန်နိုင်ငံလုပ် အီလက်ထရွန်းနစ်ပစ္စည်းများနှင့် မော် တော်ကားများ အလုံးအရင်း နေရာယူလာနိုင်ခြင်းမှာ ဂျပန်တို့၏အံ့မခန်းအောင်မြင်မှုတစ်ရပ်ပင် ဖြစ်ချေသည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ဂျပန်နိုင်ငံသည် ပြာပုံဘဝမှ တစ်ဟုန်ထိုးတိုးတက်လာရခြင်းမှာ ၎င်း၏ မူဝါဒ သစ်တစ်ရပ်ဖြစ်သော စီမံအုပ်ချုပ်ရေးလမ်းညွှန်ကြောင့် ဖြစ်သည်။

ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာနက ၎င်း၏ ဖွံ့ဖြိုးစ စက်မှု လုပ်ငန်းများ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သည့် အခြေအနေမရောက်သေးမီ ဂျပန်ဈေးကွက်အတွင်းသို့ နိုင်ငံခြား ကုန်ပစ္စည်းများ အလွယ်တကူ ဝင်မလာနိုင်အောင် ကန့်သတ်သည့် အလွတ်သဘော နည်းဥပဒေ အများအပြား ကို ရေးဆွဲသတ်မှတ်ခဲ့သည်။

ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်ကို အဓိက အားပေးထောက်ခံသူနှင့် ကိုယ်စားပြုသူ ဆာဟားရှိ ရှီဂေးရု (Sahashi Shigeru) သည် ဆင်းဂါးအပ်ချုပ်စက် ထုတ်လုပ်ရေး ကုမ္ပဏီနှင့် IBM ကုမ္ပဏီကြီးများနှင့် ယှဉ်ပြိုင်ခဲ့ ရာ အနိုင်ရခဲ့သည်။

“ခင်ဗျားတို့နဲ့ ယှဉ်ရလို့ ကျွန်တော်တို့ စိတ်ထဲမှာ သိမ်ငယ်တယ်လို့ မခံစားမိပါဘူးဗျာ။ ထိထိရောက် ရောက် ယှဉ်ပြိုင်နိုင်ဖို့ ကျွန်တော်တို့မှာ အချိန်နဲ့ငွေပဲလိုပါတယ်” ဟုပင် IBM ကုမ္ပဏီကိုယ်စားလှယ်ကို သူက ပြောလိုက်သေးသည်။

ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် လိုအပ်သည်ထက် ပိုမိုရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ပစ္စည်းများကို အလွန်အ ကျွံ ထုတ်လုပ်မှုတို့ ရှိလင့်ကစား ဖွံ့ဖြိုးစ ပြည်တွင်းကုန်ထုတ်လုပ်ငန်းသစ်များ နစ်နာမသွားစေရန် စီးပွားရေး ဆိုင်ရာ လွတ်လပ်ခွင့်များပေးရန် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များ၏ တောင်းဆိုမှုများကို လက်မခံဘဲ ပယ်ချခဲ့ သည်။

၁၉၆ဝပြည့်ဝလွန်နှစ်များတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာန သည် ပြည်တွင်းနှင့် ပြည်ပလုပ်ငန်းရှင်များ ဝိုင်းဝန်းတောင်းဆိုနေကြသည့် စီးပွားရေး လွတ်လပ်ခွင့်များပေးခြင်း ဖြင့် ကျရောက်လာနိုင်သော ဘေးအန္တရာယ်များကို ဖြေရှင်းရန်အလို့ငှာ မက်လုံးပေး စီမံအုပ်ချုပ်ရေး မူဝါဒတစ် ရပ်ကိုရေးဆွဲချမှတ်ခဲ့သည်။

ရည်မှန်းချက်မှာ အမျိုးသားစီးပွားရေးကို ဖော်ဆောင်ရာ၌ ထိပ်တိုက်ရင်ဆိုင်နေရသော အလျင်အမြန် ပြောင်းလဲလာနေသည့် အခြေအနေများ၊ အခက်အခဲသစ်များနှင့် နေသားတကျဖြစ်သွားစေရန် လှည့်သာပြောင်း သာရှိရေး ဖြစ်သည်။

သို့ဖြင့် ဥပဒေများကိုလည်း ရှင်းရှင်းလင်းလင်းမသိရအောင် တမင်ကြံရွယ်၍ ပြဋ္ဌာန်းထားသည်။ သို့မှ သာ သင့်လျော်သည့် အဓိပ္ပာယ်ဖွင့်ဆိုမှုတစ်ရပ်ကို တွေ့ရှိနိုင်မည်ဖြစ်သည်။ အတိုချုပ်ပြောရလျှင် ရင်းနှီးမြှုပ်နှံမှု နှုန်းထားများသတ်မှတ်ပြီး လုပ်ငန်းများ ပိုမိုပူးပေါင်းရန် ကြိုးစားနေသော အစိုးရအရာရှိများ၊ စက်မှုလုပ်ငန်းများ နှင့် ငွေကြေးရင်းနှီးမြှုပ်နှံသူများ ပါဝင်သည့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီများသည် လုပ်ကိုင်ခွင့်ပေးထား သော စက်မှုလုပ်ငန်းများထဲသို့ ကုမ္ပဏီသစ်များ ဝင်ရောက်လာမည်ကို မလိုလားသဖြင့် စိတ်ပျက်သွားအောင် ပြောဆိုလေ့ရှိကြသည်။

ယင်းကော်မတီများသည် ယေဘုယျအားဖြင့် ထိုစဉ်က ပြင်ပစီးပွားရေး အင်အားကြီးနှစ်နိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ အနောက်ဂျာမနီတို့နှင့် အဆင့်ညီသော စက်မှုလုပ်ငန်း အဆောက်အအုံတစ်ခု ထူ ထောင်ရန် ကြိုးပမ်းနေကြသည်။

ဤမူဝါဒသည် ဘဏ်လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း နောက်ဆုံး၌ ထူးထူးခြားခြား အောင်မြင်မှုရလာခဲ့သည်။

ထိုမျှမက ဂျပန်နိုင်ငံကို စက်မှုနိုင်ငံကြီးများနှင့် ရင်ဘောင်တန်းနိုင်စေရန် အလို့ငှာ အမြတ်အစွန်းများ အနက် များပြားသည့် ငွေပမာဏတစ်ရပ်ကို အကြီးစားစက်မှုလုပ်ငန်းများနှင့် နည်းပညာသစ်ဖော်ထုတ်ရေးတွင် ပြန်လည် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

အချိန်ကို စီမံခန့်ခွဲမှု(Time Management)

အချိန်ကို စီမံခန့်ခွဲမှုသည် ခေတ်မီစက်မှုဖွံ့ဖြိုးပြီး လူ့အဖွဲ့အစည်းတစ်ခုအတွက် အခြေခံကျလှသည်။ အကြောင်းမှာ မည်သည့်စက်မှုလုပ်ငန်း တာဝန်မျိုးမဆို ကြိုတင်သတ်မှတ်ထားသည့် အချိန်ကာလအလိုက် အစီ အစဉ်တစ်ရပ်အတွင်း တိကျစွာ အဆင့်ဆင့်လုပ်ဆောင်မှုအပေါ်မူတည်နေခြင်းကြောင့် ဖြစ်သည်။

လုပ်ငန်းစဉ် အောင်မြင်ရန်အတွက် အရာရာသည် နေသားတကျရှိနေရမည်။ သို့မှသာ ၎င်းကိုမှန်ကန် သည့် အချိန်တွင် အသုံးပြုနိုင်မည် ဖြစ်သည်။

သို့ရာတွင် ယင်းလုပ်ငန်းစဉ် ထိရောက်မှုရှိစေရန်အတွက်မူ အဆင့်တစ်ခုစီကို မည်မျှအချိန်ယူ ဆောင် ရွက်ရမည်မှန်း လူအများက သိနေရမည်ဖြစ်သည်။ ရှေးအစဉ်အလာ ဂျပန်လူ့အဖွဲ့အစည်းတွင် အချိန်ကို ဘုံ ဆိုင်ပစ္စည်းအဖြစ် သဘောထားကြသည်။ အကြောင်းမှာ လူတို့သည် ၎င်းတို့၏ဘဝများကို ထိုနည်းလမ်းအတိုင်း တည်ဆောက်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။

အခြားသီးနှံတစ်မျိုးမျိုးကဲ့သို့ပင် ဆန်စပါးကိုလည်း သင့်လျော်သည့်အချိန်တွင် ထွန်ယက်စိုက်ပျိုးကာ သင့်လျော်သည့်အချိန်တွင် ရိတ်သိမ်းပြီး မိသားစုကို ကျွေးမွေးရန် ရောင်းချရသည်။ အချိန်၏ တန်ဖိုးကို ကောင်း စွာသိရှိထားကြပြီး မိသားစုတစ်စုချင်းသာမက တစ်ရွာလုံးနှင့်ပါ ဆက်စပ်နေသည်။ အကယ်၍ အချိန်ကို တန်ဖိုး မထားမိပါက ယင်းမိသားစုလယ်ယာသည် အကျိတ်အနယ်ယှဉ်ပြိုင်နေရသည့် ဤပတ်ဝန်းကျင်တွင် အလွယ်တ ကူ အရေးနိမ့်သွားနိုင်သည်။

ထိုသို့ဖြစ်သွားပါက မိမိ၏ဘိုးဘေးများအား ဂုဏ်သိက္ခာညှိုးနွမ်းစေသည်ဟု ရှုမြင်ကြပြီး မိသားစုတစ်စု လုံး မိမိအသိဖြင့် ရွာမှ ထွက်ခွာသွားရလေ့ရှိသည်။ ဤစိတ်နေသဘောထားသည် ဂျပန်လူမျိုးများ၏ ဘဝတွင် ထူးခြားသည့် အမှတ်သင်္ကေတတစ်ရပ် ဖြစ်နေဆဲပင်။

ပထမကမ္ဘာစစ်နောက်ပိုင်းတွင် တစ်နေ့လျှင် အလုပ်ချိန် ၁၈ နာရီဆိုသည်မှာ ပုံမှန်ဖြစ်ပြီး အလုပ်သမား များအား လုပ်ခအလုံအလောက်ပေးပါက လိုလိုလားလား လက်ခံလေ့ရှိကြသည်။ ကုမ္ပဏီသည် ၎င်းတို့အား အချိန်ပိုဆင်းခွင့်မပေးပါဟု တိုင်တန်းမှုများ မကြာခဏကြုံရတတ်သည်။ ဤသည်မှာ အစဉ်အလာအရ ဂျပန် လူမျိုးများသည် အားလပ်ချိန်ထက် ဝင်ငွေကို ပိုမက်ကြခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့်လည်း ဂျပန်တစ်နိုင်ငံလုံးသည် လုံ့လဝီရိယ အကျိုးကို ကောင်းစွာခံစားခဲ့ရသည်။ ဂျပန်နိုင်ငံ သည် ရပ်ရွာလူထုကို အဓိကထားသည်ဆိုသော အချက်ကလည်း အခြားတိုင်းပြည်များတွင် ပုံတူကူးယူ၍မရနိုင် သော အလေ့အထများကို လုပ်ဆောင်ခွင့်ပေးထားသည်။

ယင်းတို့မှာ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် တစ်ဦးနှင့်တစ်ဦး ရန်ဘက်များသဖွယ် သဘော မထားဘဲ လက်တွဲဖော်များကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် သမဂ္ဂများအကြားတွင် လည်း တစ်ဖက်က အခြားတစ်ဖက်ကို ဥပဒေကို ကိုင်စွဲမထားဘဲ အလျှော့ပေးလာအောင် ကြိုးစားခြင်းမျိုးမရှိဘဲ လက်ခံနိုင်သည့် ပဋိညာဉ်များအပေါ် သဘောတူညီကြခြင်း၊ မိမိတစ်ဦးတည်း အကျိုးထက် အများအကျိုးကို ကြည့်၍ တက်ညီလက်ညီစိတ်တူကိုယ်တူ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြင့် ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ခြင်းတို့ ဖြစ်ကြသည်။

နိဂုံးချုပ်သုံးသပ်ချက် (Conclusion)

သယံဇာတဟူ၍ လုံးဝမရှိသလောက်ချို့တဲ့သည့် ဂျပန်နိုင်ငံသည် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ရာ၌ သယံဇာတ သို့မဟုတ် ထုတ်ကုန်ပစ္စည်းတစ်ခု သို့မဟုတ် ထိုထက်ပိုသည့် အရေအတွက် အပေါ် မှီခိုနေရသည့် နည်းလမ်းမျိုးကို ဘယ်အခါကမျှ ကျင့်သုံးခဲ့ခြင်းမရှိချေ။

ကမ္ဘာနှင့် မဆက်ဆံဘဲ မိမိတစ်နိုင်ငံတည်း သီးခြားနေထိုင်သည့် ကာလအဆုံးသတ်သွားပြီးနောက် မိမိ တို့နိုင်ငံသည် စက်မှုထွန်းကားသည့် နိုင်ငံကြီးများနှင့် ယှဉ်လိုက်လျှင် မည်မျှအားနည်းနေမှန်း ဂျပန်နိုင်ငံကို အုပ်ချုပ်သူများ သဘောပေါက်လာကြသည်။

သို့ဖြင့် ထိုစက်မှုအင်အားကြီးနိုင်ငံများနှင့် တန်းတူဖြစ်စေရန်နှင့် ထိုနောက်တွင် ၎င်းတို့ကို ဖြတ်ကျော် နိုင်ရန် မဟာဗျူဟာတစ်ရပ်ကို စတင်ချမှတ်ခဲ့သည်။ သို့ရာတွင် ယင်းမဟာဗျူဟာများကိုလည်း တသမတ်တည်း မထားဘဲ အခြေအနေပေါ်မူတည်၍ အလှည့်အပြောင်း လုပ်ပေးလေ့ရှိသည်။

ယင်းမဟာဗျူဟာများနှင့် နောက်ဆက်တွဲ အပြောင်းအလဲမှန်သမျှတို့ကို ၎င်းတို့ဘာလုပ်ရမည်ဆိုခြင်းနှင့် ၎င်းတို့ မည်သို့သောအခက်အခဲများ ရင်ဆိုင်ရမည်ကို လက်တွေ့ကျကျ ဝေဖန်ဆန်းစစ်ပြီးမှ အကောင်အထည် ဖော်ခဲ့သည်။

လိုရင်းကိုပြောရလျှင် ဂျပန်တို့သည် ၎င်းတို့၏ အမှားအယွင်းများထဲမှ သင်ခန်းစာကို ကြိုးစားသင်ယူ ရန်ဖြစ်စေ၊ အပြောင်းအလဲပြုလုပ်ရန်ဖြစ်စေ၊ ရှက်ရွံ့ခြင်းမရှိကြချေ။ ဂျပန်တို့ အောင်မြင်တိုးတက်ရသည့် အဓိက ကျသော အခြားအကြောင်းတရားများမှာ ဓလေ့ထုံးစံများကို မည်သည့်အချိန်တွင် ပြုပြင်ပြောင်းလဲရန် သို့မ ဟုတ် ပြန်လည်အဓိပ္ပာယ်ဖော်ရန်လိုအပ်သည်ကို သဘောပေါက်နိုင်စွမ်း၊ ဘယ်အရာကို ဆောင်ရွက်သင့်သည် ဆိုခြင်းနှင့် ၎င်းကို မည်သို့ဆောင်ရွက်သင့်သည်ကို ပြည်သူအများ၏ သဘောတူညီချက်ကို ကျယ်ကျယ်ပြန့်ပြန့် ရယူလိုခြင်းနှင့် လုပ်ငန်းတစ်ခုချင်းကို ပိုမိုလျင်မြန်စွာနှင့် ထိရောက်စွာ ဆောင်ရွက်ပြီးစီးနိုင်စေရန် အမြဲမပြတ် ဆင်ခြင်တိုင်းထွာစေခြင်းတို့ ဖြစ်သည်။

ဂျပန်နိုင်ငံသည် ၎င်းတို့ နိုင်ငံဘာဖြစ်နိုင်သည်ကို လက်တွေ့ကျကျ မြင်နိုင်စွမ်းရှိသည့် အစိုးရတစ်ရပ်၊ စက်မှုထွန်းကားသော ခေတ်မီလူ့အဖွဲ့အစည်းတစ်ရပ်အတွက် အခိုင်အမာ တည်ဆောက်ပြီး အခြေခံတစ်ရပ်နှင့် မိမိတို့၏ကျွမ်းကျင်မှုများ၊ ပညာရေး၊ ယှဉ်ပြိုင်နိုင်စွမ်း၊ အရည်အသွေးကို တန်ဖိုးထားမှု၊ လက်ရှိနည်းပညာကို ပစ္စည်းသစ်များအတွက် ပြောင်းလဲအသုံးချတတ်မှုတို့အရ မိမိတို့နိုင်ငံကို အင်အားကြီးနိုင်ငံတစ်ခုအဖြစ် မြင်တွေ့ ခွင့်ရရန်နှင့် အောင်မြင်လိုသည့် ဆန္ဒပြင်းပြနေကြသော ပြည်သူတစ်ရပ်လုံးနှင့်အတူ လက်တွဲလုပ်ကိုင်ခွင့်ရခဲ့ သည်မှာ အခြားနိုင်ငံအများအပြားထက် ထူးထူးခြားခြား ကံကောင်းခြင်းတစ်ရပ်ဟု ဆိုနိုင်သည်။

၁၉၆ဝ ပြည့်လွန်နှစ်များအတွင်း ဂျပန်နိုင်ငံတွင်ပြုလုပ်သည် (Made in Japan) ဟူသော စာတန်းကို တွေ့ရသူတစ်ဦးသည် ၎င်းကို ရယ်စရာဟု သဘောထားခဲ့သည်။

ယခုအခါ၌ ထိုစာတန်းကို မည်သူကမျှ ရယ်စရာဟု မမြင်ကြတော့ပေ။ အကြောင်းမှာ ဤစာတမ်းသည် အရည်အသွေကောင်းပြီး ခေတ်အမီဆုံးနည်းပညာနှင့် အစွမ်းထက်မှုတို့ကို ဖော်ပြနေခြင်းကြောင့်ပင်။

ရည်ညွှန်း

Jay Willoughby ရေးသားသော

The Japanese Path To National

Development ကို ဘာသာပြန်ဆိုထားပါသည်။

Related Post

5 Reasons why the Qur’an appeals to the Universe (Myanmar Subtitle)

ကျမ်းမြတ်ကုရ်အာန်နှင့် စကြဝဠာ ******************************************************** ဖြစ်တည်နေသောသဘာဝတရား၊ ရေမြေဥတု တောတောင် စကြဝဠာအတွင်းရှိရှိသမျှ အရာအားလုံးကိုစူးစမ်းလေ့လာသုံးသပ်ခြင်းဖြင့် ဖန်ဆင်းရှင်တစ်ပါးတည်ရှိနေကြောင်း ရည်ညွှန်းထားခြင်းကို ဒီဗီဒီယိုလေးကနေ ရှင်းပြပေးပါလိမ့်မယ်။ Related

Leave a Reply

Your email address will not be published. Required fields are marked *