အစ္စလာမ်ကို အလွဲသုံးစားပြုပြီး ဒီမိုကရေစီစနစ်ကို ပြစ်တင်ခြင်း

အစ္စလာမ်ကို အလွဲသုံးစားပြုပြီး ဒီမိုကရေစီစနစ်ကို ပြစ်တင်ခြင်း

တူရကီနိုင်ငံ၏ လတ်တလောနိုင်ငံရေးဦးတည်ချက်များကြောင့် အစ္စလာမစ်နိုင်ငံဟူသည် “အစ္စလာမ့် အနှစ်သာရနှင့်
ဝိရောဓိဖြစ်ခြင်း”ဟု ခေါင်းစဉ်တပ်ရလောက်အောင် ပမာဆောင်သော်ငြားလည်း အစ္စလာမ်သည် ဒီမိုကရေစီစနစ်နှင့် သဟဇာတဖြစ်သည်။

၂၀၀၀ ခုနှစ်အစောပိုင်းကာလတွင် တူရကီနိုင်ငံက “ခေတ်သစ်မွတ်စလင်ဒီမိုကရေစီအတွက် စံနမူနာ
” အဖြစ် ကြွေးကြော်ခဲ့သည်။ လက်ရှိအာဏာရပါတီ အာဏာစတင်ရခဲ့သည့် ၂၀၀၂ခုနှစ်တွင် ဥရောပသမ္မဂ၏
ဒီမိုကရေစီစံချိန်စံညွှန်းနှင့်အညီ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်၏
လူ့အခွင့်အရေးပိုင်းမှာလည်း စတင်တိုးတက်လာခဲ့ကြောင်း မှတ်တမ်းရှိခဲ့သည်။

ကံမကောင်းစွာပင် အဆိုပါ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ တာရှည်မခံခဲ့ပေ။ နှစ်အနည်း
ငယ်အကြာ ၂၀၁၁ခုနှစ် ဝန်းကျင်မှစ၍ လုပ်ငန်းစဉ်တစ်ခုလုံး ဟန့်တားခြင်းခံခဲ့ရသည်။ ထိုစဉ် တစ်ချိန်က
ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသူ လက်ရှိသမ္မတ အာဒိုဂန်က သူ၏ တတိယအကြိမ်မြောက်ရွေးကောက်ပွဲအနိုင်ရအပြီးတွင်
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို လုံးဝဥဿုံပြောင်းပြန်လှန်ခဲ့သည်။ တခြားမွတ်စလင်နိုင်ငံများအတွက် စံနမူ
နာယူစရာဖြစ်ခဲ့ရာမှ ကျဆင်းလာပြီး နိုင်ငံတော်စနစ်ကို အာဏာရှင်စနစ်ဘက် လုံးဝပြောင်းလဲစေခဲ့သည်။

တချို့က သမ္မတအာဒိုဂန်လက်ထက်တွင် တူရကီနိုင်ငံသည် အစ္စလာမ့်တန်ဖိုးများနှင့် ဒီမိုကရေစီကြား
သဟဇာတမဖြစ်နိုင်ကြောင်းကို တင်ဆက်ပြသသည့် သက်သေသာဓကပမာ အပျက်သဘောဆောင် ရှုမြင်
ကောင်းရှုမြင်နိုင်သည်။ သို့သော် ထိုသို့တရားသေမှတ်ယူခြင်းမှာ လုံးဝမှားယွင်းသည့် အမြင်ပင်ဖြစ်မည်။

အစ္စလာမ့် ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းသည်ဟု အပေါ်ယံအားဖြင့် ထင်ရသော်လည်း အာဒို
ဂန်အာဏာရှင်အစိုးရက အစ္စလာမ့်တန်ဖိုးဆိုင်ရာ အခြေခံအနှစ်သာရများအား လုံးဝဥဿုံသစ္စာဖောက်နေ
ကြောင်းကိုသာ ကိုယ်စားပြုခဲ့သည်။ အဆိုပါတန်ဖိုးအနှစ်သာရများမှာ ဝတ်စားဆင်ယင်မှုပုံစံ သို့မဟုတ်
ဘာသာရေးဆိုင်ရာ ဆောင်ပုဒ်များကို ဆိုလိုခြင်းမဟုတ်။ တရားဥပဒေစိုးမိုးရေး၊ တရားရေးမဏ္ဍိုင်လွတ်လပ်ရေး၊
အုပ်ချုပ်သူများ၏တာဝန်ရှိမှုနှင့် တာဝန်ယူမှု၊ မလွှဲပြောင်းနိုင်သော အခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်
ရေးနှင့် နိုင်ငံသားတိုင်း၏ လွတ်လပ်မှု စသည်တို့ကို လေးစားလိုက်နာခြင်းများပါဝင်သည်။

လတ်တလော တူရကီနိုင်ငံ၌ ဒီမိုကရေစီအတွေ့အကြုံများကို နောက်ကြောင်းပြန်လှည့်ခြင်းသည် အစ္စ
လာမ့်တန်ဖိုးများနှင့်အညီ စောင့်ထိန်းမှုမရှိခြင်းကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ အစ္စလာမ့်စံနှုန်းတန်ဖိုးများအပေါ်
သစ္စာဖောက်ခြင်းလည်းဖြစ်သည်။ တူရကီလူ့အဖွဲ့အစည်းတွင် စွန္နီ၊ အာလဝီ၊ တူရခ်၊ ကားဒ်နှင့် တခြားလူမျိုး များ၊
မွတ်စလင်များနှင့် မွတ်စလင်မဟုတ်သူများ စသည်ဖြင့် သောင်းပြောင်းထွေလာရောနှောပါဝင်ကြသည်။
လူနေမှုဘဝပုံစံများတွင်လည်း၊ ဘာသာရေးလိုက်စားသူများနှင့် လောကီဦးစားပေးသူများကိုတွေ့ရပြီး
နိုင်ငံသား များက ကွဲပြားခြားနားသော သဘောတရား၊ အတွေးအခေါ်နှင့် ယုံကြည်မှုများစွာကို စောင့်ထိန်းလိုက်နာကြ
သည်။ ဤသို့သော် လူ့အဖွဲ့အစည်းတွင် လူတိုင်းအား တစ်ပုံစံတည်းဖြစ်လာအောင် ကြိုးစားခြင်းသည် အချည်း
နှီး ဖြစ်ရုံသာမက လူသားဆန်မှုကိုလည်း မထီမဲ့မြင်ပြုရာ ရောက်သည်။ ဤသို့မတူကွဲပြားသော လူ့ဘောင်အဖွဲ့
အစည်းအတွက် လူများစု သို့မဟုတ် လူနည်းစု သို့မဟုတ် အုပ်စုတစ်ခုက အခြားလူတို့အား လက်ဝါးကြီးအုပ်
ခြယ်လှယ်ခြင်းမရှိသော အစိုးရမျိုး၊ အားလုံးပါဝင်ခွင့်ရှိသော ဒီမိုကရေစီအစိုးရမျိုးသာ အသင့်တော်ဆုံးဖြစ်
သည်။ ဤစနစ်မျိုးသည် ဆီးရီးယား၊ အီရတ်နှင့် အခြားအိမ်နီးနားချင်းနိုင်ငံများအတွက်လည်း အကောင်းဆုံးဖြစ်
မည်ဟု ပြောနိုင်သည်။

တူရကီနိုင်ငံမှာဖြစ်စေ၊ အခြားမည်သည့်နိုင်ငံတွင်ဖြစ်စေ အာဏာရှင်များအုပ်ချုပ်လျှင် သူတို့၏ အကျိုး
စီးပွားအတွက် အခွင့်အရေးယူပြီး အာဏာကို ဆက်လက်စွဲကိုင်ထားနိုင်ရန်အလို့ငှာ မတူကွဲပြားသော လူ့ အဖွဲ့
အစည်းများအကြား တစ်ဦးနှင့်တစ်ဦး သဘောထားကွဲအောင် နည်းအမျိုးမျိုးဖြင့် အုပ်စုအမျိုးမျိုးကို အသုံးချလေ့
ရှိကြသည်။ သူတို့၏ယုံကြည်မှုနှင့် ကမ္ဘာလုံးဆိုင်ရာအမြင်များ မည်သို့ပင်ရှိကြပါစေ၊ နိုင်ငံသားများက မိမိတို့၏
အခွင့်အရေးများချိုးဖောက်ခြင်းမခံရလေအောင် အာဏာရှင်များကို ဒီမိုကရေစီနည်းအရ ဆန့်ကျင်နိုင်စွမ်းရှိ
သည့်အလျှောက် လူ့အခွင့်အရေးနှင့် လွတ်လပ်မှုအတွက် သဘောထားကွဲလွဲမှုကို ပဓါနမထားဘဲ အာဏာရှင်
ဆန့်ကျင်ရေးအတွက် အတူလက်တွဲသင့်သည်။

ဖိနှိပ်ချုပ်ချယ်မှုကို ဆန့်ကျင်၍ မိမိတို့၏ အခွင့်အရေးအတွက် ထုတ်ဖော်ပြောခြင်းသည် ဒီမိုကရေစီ
အခွင့်အရေးနှင့် နိုင်ငံသားတို့၏တာဝန်ဖြစ်ရုံမက ယုံကြည်သူတို့အတွက် ဘာသာရေးတာဝန်လည်းဖြစ်သည်။
မတရားမှုကို တိတ်ဆိတ်စွာခံစားလျက် ငြိမ်မနေသင့်ကြောင်း ကျမ်းမြတ်ကုရ်အာန်၌ ဖော်ပြထားသည်။

“အို-ယုံကြည်သူအပေါင်းတို့၊ တရားမျှတမှု၌ မြဲမြံကြကုန်။ သင်တို့စရိုက်၊ မိဘ၊ ဆွေမျိုးများနှင့်
ဆန့်ကျင်သည်ဖြစ်စေ အရှင်မြတ်အား ရည်စူးလျက် သက်သေထွက်ဆိုကြကုန်။ (၄း၁၃၅)”

        သင်တို့၏ယုံကြည်မှု သို့မဟုတ် သူတစ်ပါးကို မနစ်နာစေသည့် ကမ္ဘာလုံးဆိုင်ရာအမြင်ပေါ်မူတည်၍
ဘဝဆောက်တည်ပြီး အထူးသဖြင့် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် အခြေခံလူ့အခွင့်အရေးအတွက် လှုပ်ရှား
ဆောင်ရွက်မှသာ လူတစ်ဦးက စစ်မှန်သော လူသားတစ်ဦးဖြစ်နိုင်သည်။ လွတ်လပ်မှုဟူသည် ထာဝရအရှင်
ချီးမြှင့်ပေးသနားတော်မူသည့် အခွင့်အရေးဖြစ်ပြီး မည်သည့်ခေါင်းဆောင်၊ မည်သူတစ်ဦးတစ်ယောက်ကမျှ
အဆိုပါအခွင့်အရေးကိုလုယူဆုံးရှုံးစေခွင့်မရှိချေ။ အခြေခံလူ့အခွင့်အရေးများနှင့် လွတ်လပ်မှုဆုံးရှုံးခံရသူများ
သည် လူသားအဖြစ် အသက်ရှင်နေကြသော်လည်း သူတို့ကို စစ်မှန်သော လူ့ဘဝရရှိသူများဟု မဆိုနိုင်ပေ။

အစ္စလာမ်နှင့်ပတ်သက်၍ပြောရလျှင် အစ္စလာမ်သည် ဘာသာသာသနာတစ်ခုသာဖြစ်ပြီး အစ္စလာမ်ဝါဒီ
နိုင်ငံရေးသမားများ ကြွေးကြော်သကဲ့သို့ နိုင်ငံရေးသဘောတရားမဟုတ်။ အစ္စလာမ်တွင် အုပ်ချုပ်ရေးနှင့်ပတ်
သက်၍ ရည်ညွှန်းဖော်ပြထားသော စည်းမျဉ်းဥပဒေများ အရေအတွက်အားဖြင့် ၅-ရာခိုင်နှုန်းပါသည်မှာ မှန်ကန်
၏။ သို့သော် အစ္စလာမ်ကို နိုင်ငံရေးအတွေးအခေါ်တစ်ခုအဆင့်သို့ လျှော့ချစေခြင်းသည် အစ္စလာမ့်သဘော
ထားနှင့်ဆန့်ကျင်၍ ကြီးမားသော ရာဇဝတ်မှုကျူးလွန်ရာရောက်သည်။

အတိတ်ကာလ၌ နိုင်ငံရေးဆိုင်ရာ အစ္စလာမ့်ရှုထောင့်အမြင်နှင့်ပတ်သက်၍ ပြောဆိုရေးသားသူများ
သို့မဟုတ် လေ့လာသူများတွင် အမှားအယွင်း ၃-ခု တွေ့ရသည်။ ပထမတစ်ခုမှာ သူတို့သည် အစ္စလာမ်၏
အခြေခံအရင်းအမြစ်များဖြစ်သော ကျမ်းမြတ်ကုရ်အာန်၊ အစ္စလာမ့်အစဉ်အလာ၊ စစ်မှန်သော တမန်တော်မြတ်
၏ဩဝါဒတော်များနှင့် တမန်တော်မြတ်လက်တွေ့ကျင့်ကြံပြသခဲ့သော မွတ်စလင်တို့၏ သမိုင်းဝင်အတွေ့အကြုံ
များကို လက်ခံရန် ငြင်းဆန်ကြသည်။ သမိုင်းဝင် မွတ်စလင်အတွေ့အကြုံများနှင့် အစ္စလာမ့်ဓမ္မသတ်မှူးများ၏
အခြေအနေပေါ်မူတည်၍ ဆုံးဖြတ်ခဲ့သည်တို့ကို အရေးပါသော ရှုထောင့်အမြင်ဖြင့် ဆန်းစစ်သင့်ပြီး ၎င်းတို့ကို
ဘာသာရေး၏ စစ်မှန်သော အရင်းအမြစ်များနှင့်တတန်းတစားတည်း မတားနိုင်ပေ။

ဒုတိယအချက်အနေဖြင့် ကျမ်းမြတ်ကုရ်အာန်ထဲမှ အကောင်းဆုံးအာယာသ်တော်တချို့ သို့မဟုတ်
တမန်တော်မြတ်၏ဩဝါဒတော်တချို့အား သူတို့၏ရှုထောင့်အမြင်များတရားဝင်ဖြစ်စေရန်အလို့ငှာ အသုံးချ
လျက် လူတို့အား အဆိုပါအမြင်များလက်ခံလာအောင် ဖျောင်းဖျကြသည်။

ကျမ်းမြတ်ကုရ်အာန်၏ အနှစ်သာရနှင့် ဟဒီးဆ်ဩဝါဒတော်(စွန္နသ်)များကို အရှင်မြတ်၏ကျေနပ်နှစ်
သက်မှုရယူရန်ရည်ရွယ်၍ စိတ်စေတနာဖြူစင်စွာဖြင့် မြင့်မြတ်သော ရှုထောင့်အမြင်နှင့်အတူ လေ့လာမှသာ နား
လည်နိုင်သည်။

တတိယအချက်အနေဖြင့် တချို့က ဒီမိုကရေစီသည် အခြေခံအားဖြင့် အစ္စလာမ်နှင့် ဆန့်ကျင်သည့်
စနစ်ဖြစ်သည်ဟု မှားယွင်းစွာ မှတ်ယူကြသည်။ အကြောင်းမှာ အစ္စလာမ်အရ နိုင်ငံတော်၏ အချုပ်အခြာအာ
ဏာမှာ အရှင်မြတ်ဖြစ်သည်ဟုဖော်ပြထားပြီး ဒီမိုကရေစီစနစ်မှာမူ အာဏာဟူသည် ပြည်သူ့လက်ဝယ်၌သာ ရှိရ
မည်ဟု ဖော်ပြထားသောကြောင့် ဖြစ်သည်။ စကြဝဠာတစ်ခုလုံး၏ အချုပ်အခြာကို အရှင်မြတ်သာပိုင်ဆိုင်
ကြောင်း မည်သည့်ယုံကြည်သူကမျှ သံသယဖြစ်စရာအကြောင်းမရှိပေ။ သို့သော် အတွေးအခေါ်၊ စိတ်တိမ်း
ညွှတ်ခြင်းနှင့် စိတ်စွမ်းအားအပါအဝင် လူသားများ၏ စွမ်းရည်များမတည်ရှိဟု မဆိုနိုင်ပေ။ လူသားတို့၏ စွမ်း
ရည်မှာ အရှင်မြတ်၏ ကြီးမားသော စီမံချက်တွင် အပါအဝင်ဖြစ်သည်။ တစ်နည်းအားဖြင့် အရှင့်အစီအမံဖြစ်
သော လူသားစွမ်းရည်ကို ချန်လှပ်ရာ ရောက်လိမ့်မည်။

လူသားအား စီမံအုပ်ချုပ်ရေးအခွင့်အာဏာများပေးအပ်ခြင်းဟူသည် အရှင်မြတ်ထံမှာ အာဏာကို
မတရားသိမ်းယူခြင်းဟု မဆိုနိုင်ပေ။ အရှင်မြတ်ထံတော်မှ အုပ်ချုပ်ရန် တာဝန်ပေးခံရခြင်းနှင့် အခွင့်အရေးရရှိ
ခြင်းပင် ဖြစ်သည်။ အရှင်မြတ်က လူတစ်စု သို့မဟုတ် အာဏာရှင်တို့ အာဏာချုပ်ကိုင်ထားခြင်းမှ ပြည်သူ့လက်
ထဲအာဏာအပ်စေခြင်းဖြင့် လူသား၏ အရည်အသွေးကို ပြည့်စုံစေတော်မူသည်။

နိုင်ငံတော်ဟူသည် လူသားတို့က သူတို့၏ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်မှုကို ကာကွယ်ရန်
အလို့ငှာ ဖွဲ့စည်းထားသော စနစ်တစ်ခုဖြစ်ပြီး နိုင်ငံတော်အားဖြင့်သာ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ရေရှည်
ထိန်းသိမ်းနိုင်သည်။ နိုင်ငံတော်ကိုယ်၌က ပန်းတိုင်မဟုတ်။ လူတို့အား လောကီလောကုတ္တရာ ပျော်ရွှင်သုခရရှိ
ရေးအတွက်  အထောက်အကူပြုသည့် ကိုယ်စားလှယ်သာဖြစ်သည်။ နိုင်ငံတော်တည်ဆောက်ရာတွင် လူပုဂ္ဂိုလ်
တစ်ဦးချင်းစီကို စံနှုန်းတန်ဖိုးများနှင့် စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချုပ်သည့်စနစ်ကို ဖွဲ့စည်း၍ အဆိုပါစံနှုန်း
တန်ဖိုးများဖြင့်သာ နိုင်ငံတော်၏ အချုပ်အခြာကို ထိန်းညှိရသည်။ သို့ဖြစ်ပါ၍ စကားအသုံးအနှုန်းဖြင့် “အစ္စလာမစ်နိုင်ငံ”
ဟု ပြောဆိုရေးသားသည့် ဝေါဟာရမှာ အစ္စလာမ့်အနှစ်သာရနှင့် ဝိရောဓိဖြစ်သည်။ အလား
တူ အစ္စလာမ်အရ ဘုန်းကြီးလူတန်းစားဟူ၍ သီးသန့်မရှိသည့်အတွက် သီအိုကရေစီခေါ် ဘာသာရေး ခေါင်းဆောင်များက
အုပ်ချုပ်သည့်စနစ်သည်လည်း အစ္စလာမ့်အနှစ်သာရမဟုတ်ပေ။ နိုင်ငံတော်မှာ ပြည်သူဖြင့် ဖွဲ့စည်းထားပြီး ပြည်သူများကြားတွင်
ချုပ်ဆိုထားသည့် ကတိကဝတ်များ၏ အကျိုးဆက်သာဖြစ်သည်။ ၎င်းသည် အစ္စလာမစ် မဖြစ်နိုင်သကဲ့သို့ ဘာသာရေးအရ
အထွတ်အမြတ်ထားသည့်အရာလည်းမဟုတ်ပေ။

ဒီမိုကရေစီမှာ ဘက်ပေါင်းစုံပါဝင်ရမည်။ ဒီမိုကရေစီစံနှုန်းသည် လူတစ်ဦးတစ်ယောက် သို့မဟုတ် လူတစ်စုက
တခြားလူတို့အပေါ် လွှမ်းမိုးချုပ်ကိုင်မှုကင်းမဲ့သော စနစ်ဖြစ်ပြီး ထိုစံနှုန်းသည်ပင် အစ္စလာမ်၏ စံနှုန်းလည်းဖြစ်သည်။
လူတိုင်း၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြုလေးစားသည့် ချိန်ညှိမှုနှင့်အတူ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရရှိစေမည့်
စည်းမျဉ်းပေါ်တည်ဆောက်ထားသောစနစ်၊ လူတိုင်းအား အရှင်မြတ်၏လက်ရာ
တော်အဖြစ် လေးစားသည့်စနစ်သည်ပင် ဒီမိုကရေစီစံနှုန်းဖြစ်သည်။

ရီပါ့ဘလစ် ပြောပြော ဒီမိုကရေစီပြောပြော ပြည်သူအားလုံးပါဝင်ပြီး ရွေးကောက်တင်မြှောက်ထားသည့် အစိုးရသည်သာ
ဘုရင်စနစ်နှင့် တခြားအာဏာရှင်စနစ်များအပါအဝင် အားလုံးထက် အစ္စလာမ့်အနှစ်သာရနှင့် ပို၍ အံဝင်ဂွင်ကျဖြစ်သော အစိုးရပုံစံဖြစ်သည်။

တူရကီနိုင်ငံ၏လတ်တလော ခေါင်းဆောင်မှုပုံရိပ်က ဒီမိုကရေစီစနစ်ထက် လူတစ်စုက အာဏာချုပ်
ကိုင်ထားခြင်းနှင့် ပိုတူသည်။ ဤသည်ကို မည်သူမျှ မငြင်းနိုင်ပေ။

သမ္မတ အာဒိုဂန်က ဟိဇ်မသ်လှုပ်ရှားမှု၌ ပါဝင်သူများကို နိုင်ငံတော်၏ရန်သူအဖြစ် ကြေညာ၍လည်း မကြာသေးမီက
ဖြစ်ပွားခဲ့သည့် မကောင်းသော လုပ်ရပ်တိုင်းအတွက် သူတို့ကိုပြစ်တင်ရှုပ်ချ၍လည်းကောင်း၊ အာဏာကို
ရေရှည်ချုပ်ကိုင်ထားရန်အလို့ငှာ သူ့ကိုကျောထောက်နောက်ခံပြုသည့် ခရိုနီများအား ဆုလာဘ်များ ချီးမြှင့်မြှောက်စားခြင်း၊
သူ့ကိုမထောက်ခံသည့် ပုဂ္ဂိုလ်များ၏ စီးပွားဓနများကို အတင်းအကြပ်သိမ်းပိုက်ခြင်းများ ပြုလုပ်လျက် တစ်ချိန်က
ဒီမိုကရေစီနိုင်ငံတည်ဆောက်မည်ဟု ကတိပေးခဲ့သည်ကိုပင် အကျင့်ပျက်ခြစားမှုဖြင့်
အစားထိုးခဲ့သည်။ ဤသည် သူ၏ အာဏာတည်မြဲရေးအတွက် သူတစ်ပါးကို ပြစ်တင်သည့် ကမ္ဘာ့စံချိန်ပင်
ဖြစ်သည်။

သမ္မတအာဒိုဂန်လက်ထက် တူရကီနိုင်ငံက ကျွန်တော်နှင့် အခြားလူထောင်ပေါင်းများစွာကို နည်းမျိုးစုံ
ဖြင့် ပြစ်တင်ရှုတ်ချလျက် ဒုက္ခပေးခဲ့သည်။ အထူးသဖြင့် ငြိမ်းချမ်းမှုကို ကိုယ်စားပြုသော ဟိဇ်မသ်လှုပ်ရှားမှုကို
နှိပ်ကွပ်ခဲ့သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လှုပ်ရှားဆောင်ရွက်သူများ၊ စာနယ်ဇင်းသမားများ၊
ပညာရှင်များ၊ ကားဒ်များ၊ အာလာဝီများ၊ မွတ်စလင်မဟုတ်သူများနှင့် တခြားစွန္နီအုပ်စုများကိုပင် သူ၏နိုင်ငံရေး
လှုပ်ရှားမှု၏အကျိုးဆက် ထိခိုက်မည်စိုး၍ ပြစ်တင်ရှုတ်ချခဲ့သည်။ သူတို့အား ညှင်းပန်းနှိပ်စက်ခြင်း၊ အကျဉ်းချ
ခြင်း၊ သူတို့ပိုင်ပစ္စည်းဥစ္စာများကို မတရားသိမ်းဆည်းခြင်းနှင့် လုယက်ဖျက်ဆီးခြင်းတို့ဖြင့် သူတို့အားလုံး၏ဘဝ
ကို ဖျက်ဆီးပစ်ခဲ့သည်။

တူရကီနိုင်ငံအတွင်း ထိုသို့ညှင်းပန်းနှိပ်စက်မှုကို ခံကြရသည့်အတွက် ထောင်ပေါင်းများစွာ ဟိဇ်မသ်
လှုပ်ရှားမှုအဖွဲ့ဝင်များက ပြင်သစ်အပါအဝင် ကမ္ဘာအဝှမ်း၌ ခိုလှုံခွင့်တောင်းခံခဲ့ရသည်။ နေရာသစ် ဒေသသစ်
များသို့ ရောက်ရှိနေသော ဟိဇ်မသ်ပုဂ္ဂိုလ်များအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ တရားဥပဒေကို တစ်သဝေ
မတိမ်းလိုက်နာပြီး လူ့အဖွဲ့အစည်းအတွင်းဖြစ်ပေါ်သည့် ပြဿနာရပ်များအတွက် အဖြေရှာရန် ပံ့ပိုးကူညီရမည်။
ဥရောပ၌ အစ္စလာမ်အား အယူသည်းစွာ အဓိပ္ပါယ်ဖွင့်ဆိုထားမှု ပြန့်ပွားနေခြင်းအား ရပ်တန့်ရန် တက်ကြွစွာ ဦးစီးလှုပ်ရှားရမည်။

တူရကီနိုင်ငံအတွင်းမှာ အပြစ်မရှိအပြစ်ရှာပြီး အလုံးအရင်းဖြင့် ဖမ်းဆီးသော လှုပ်ရှားမှုတစ်ခုကို အဖွဲ့
အစည်းအနေဖြင့် ဆက်လက်လုပ်ဆောင်နေသည်။ အဆိုပါဖိနှိပ်ချုပ်နှောင်ရေးလှုပ်ရှားမှုကြောင့် ဒုက္ခရောက်
နေသည့် ဦးရေးလည်း တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေသည်။ လူပေါင်း ၁၅၀,၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။
လူ၂သိန်းကျော် မတရားချုပ်နှောင်ခံရပြီး ၈သောင်းကျော်မှာ အကျဉ်းချခံရသည်။ နိုင်ငံရေးရည် မှန်းချက်ကြောင့် ဖိနှိပ်လို၍
ပစ်မှတ်ထားခံရသော အဆိုပါအပြစ်မဲ့ပြည်သူများက နိုင်ငံမှ ထွက်ခွာခွင့်ကဲ့သို့ အခြေခံလူ့အခွင့်အရေးလည်း ဆုံးရှုံးခံရသည်။
သူတို့၏ Passport (နိုင်ငံကူးလက်မှတ်)များကိုလည်း တူရကီ အစိုးရကပယ်ဖျက်စာရင်း ထည့်ခဲ့သည်။

အာဏာသိမ်းရန် ကြံစည်မှုကိုအကြောင်းပြပြီး နောက်ကြောင်းပြန်လှည့်ရာတွင် တူရကီရီပါ့ဘလစ်က ၁၉၂၃မှ အစပြုခဲ့သော
ဒီမိုကရေစီလှုပ်ရှားမှုလမ်းစဉ်ကိုပင် ဖျက်ဆီးပစ်ခဲ့သည်။ တူရကီရီပါ့ဘလစ်က နိုင်ငံ
တကာဇာတ်ခုံပေါ် ဂုဏ်သတင်းကျော်ကြားမှုကို သမ္မတအာဒိုဂန်အမြတ်ထုတ်ပြီး ပြည်သူ့လွတ်လပ်မှုအား
ဖုံးဖိခြင်းနှင့် ဒီမိုကရေစီသဘောထားရှိသူများကို ဖမ်းဆီးချုပ်နှောင်ခြင်းတို့ကြောင့် တူရကီနိုင်ငံအား လူ့အခွင့်
အရေး ချိုးဖောက်ခံရသည့် နိုင်ငံစာရင်းထဲ တွန်းပို့ခဲ့သည်။

အာဏာရလူတစ်စုက နိုင်ငံတော်ပိုင်အရင်းအမြစ်များကို အလွှဲသုံးစားပြုခြင်း၊ နိုင်ငံ့ဝန်ထမ်းများကို နှိပ်ကွပ်ခြင်းနှင့်
ကမ္ဘာတဝှမ်းရှိ ဟိဇ်မသ်လှုပ်ရှားမှုဖြင့် လူသားအကျိုးပြုလုပ်ဆောင်နေသော စေတနာ့ဝန်ထမ်း
များကို တူရကီနိုင်ငံသို့ အဓမ္မခေါ်ဆောင်သွားခြင်းတို့ကြောင့် တူရကီနှင့် နိုင်ငံတကာ ဆက်ဆံရေးလည်း ယိုယွင်းလာသည်။

မကြာသေးမီကနှစ်များတွင် ထိုသို့ဖိနှိပ်ခံကြရသော တူရကီနိုင်ငံသားများက သူတို့၏ခေါင်းဆောင်များ
ထံ ဒီမိုကရေစီတောင်းဆိုမှုများသည် ငြိမ်းချမ်းစွာ တောင်းဆိုခြင်းများသာရှိခဲ့ကြသည်။ ဤအနေအထားသည်
စီးပွားရေးတည်ငြိမ်မှုကြောင့် ဖြစ်နိုင်သည်။ သို့သော် ယနေ့မှစ၍ နောက်ကြောင်းကို ပြန်စစ်ကြည့်လျှင် သမိုင်း ဝင် အကြောင်းပြချက်ကိုလည်း မြင်နိုင်သည်။

တူရီကီအစိုးရက တူရကီရီပါ့ဘလစ်စံရှိခဲ့သော်ငြားလည်း တူရကီလူ့ဘောင်အတွင်း ဒီမိုကရေစီစံနှုန်း
တန်ဖိုးများ မည်သည့်အခါမျှ စနစ်တကျ စွဲမြဲစွာ အခြေခိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ဩဇာရှိသော ခေါင်းဆောင်ကို နာခံပြီး
နိုင်ငံတော်က ပညာရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းကောင်းများကို ပြဋ္ဌာန်းပေးခဲ့သည်။ ဆယ်စုနှစ်တိုင်းမှာ ပေါ်
ပေါက်လာခဲ့သည်။ အာဏာသိမ်းမှုများကြောင့် ဒီမိုကရေစီဆန်ဆန် တိုးတက်ပြောင်းလဲမှုအတွက် အခွင့်အလမ်း
မပေးခဲ့ပေ။ နိုင်ငံတော်အတွက်ဖြစ်ကြောင်းကို နိုင်ငံသားများ မေ့ကုန်ကြပြီ။ ပြည်သူ၏အဆိုပါသဘောထားကို
အာဒိုဂန်က အမြတ်ထုတ်ခဲ့ကြောင်း ပြောနိုင်သည်။

လက်ရှိခေါင်းဆောင်မှုအောက်တွင် တူရကီနိုင်ငံ၏ဒီမိုကရေစီမှာ အသက်ငင်နေသော အနေအထားရှိ
သော်လည်း ကျွန်တော်က အကောင်းမြင်သူအဖြစ်သာ ရပ်တည်လာခဲ့သည်။ ဖိနှိပ်မှုဟူသည် ရေရှည်တည်တံ့
နိုင်သည်မဟုတ်။ တူရကီနိုင်ငံက မကြာခင် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လိမ့်မည်ဟု ကျွန်တော်ယုံ
ကြည်သည်။ သို့သော် ဒီမိုကရေစီစနစ် အမြစ်တွယ်ပြီး ရေရှည်တည်တံ့ရေးအတွက် ကြိုးပမ်းမှုများစွာ လို အပ်သည်။

ဦးစွာပထမ ကျောင်းများ၏ပညာရေး သင်ရိုးညွှန်းတမ်းများကို ပြန်လည်သုံးသပ်မြှင့်တင်သင့်သည်။ နိုင်
ငံသားအားလုံးအတွက် အကျိုးရှိသည့် တန်းတူအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေး၊ လွတ်လပ်မှုနှင့် တရားမျှတမှုစသော
သင်ခန်းစာများကို ကျောင်းသင်ခန်းစာများတွင် ပြဋ္ဌာန်းသင့်သည်။ သို့မှသာ သူတို့ကြီး
ပြင်းလာသည့်အခါ အဆိုပါအခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်သူများဖြစ်လာပါလိမ့်မည်။ ဒုတိယ
အချက်အနေဖြင့် လူနည်းစုဖြစ်စေ လူများစုဖြစ်စေ အာဏာကို လက်ဝါးကြီးအုပ်ခွင့်မရှိရလေအောင် ဖွဲ့စည်းပုံ
အခြေခံဥပဒေ၌ ပြဋ္ဌာန်းပေးပြီး ကုလသမ္မဂ၏ လူ့အခွင့်အရေးကြေညာစာတမ်းပါအတိုင်း အခြေခံလူ့အခွင့်အ
ရေးများကို ကာကွယ်ရမည်။

လူမှုအဖွဲ့အစည်းများနှင့် လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်
သင့်သည်။ နိုင်ငံတော်အာဏာကို အလွဲသုံးစားမပြုနိုင်အောင် အာဏာထိန်းညှိမှုစနစ် (Checks and Balances) ရှိရမည်။

တတိယအချက်အနေဖြင့် အမြော်အမြင်ရှိသော ခေါင်းဆောင်များကလည်း ဒီမိုကရေစီ စံနှုန်းတန်းဖိုး
များနှင့်ပတ်သက်၍ ဦးစားပေးဟောပြောသင့်သည်။ ၎င်းတို့အတွက် လှုပ်ရှားသင့်သည်။ ယခုအခါ တူရကီနိုင်ငံ၌
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးချိုးနှိမ်ခံရသည့်အဆင့်ရောက်နေသည်။ ဥရောပသမ္မဂ၏ ဒီမိုကရေစီစံချိန်စံညွှန်း
နှင့်အတူ မွတ်စလင်အများစုနေထိုင်သည့် ဒီမိုကရေစီနိုင်ငံအဆင့်သို့ ရောက်ရှိစေမည့် သမိုင်းဝင်အခွင့်အရေး
လည်း ဆုံးရှုံးခံသည့် အနေအထားရောက်နေပြီ။

နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်များသည် ဖျော်ရည်ပေါ်ရှိမလိုင်နှင့် တူညီသောတူသည်။ မလိုင်သည်
ဖျော်ရည်လုပ်ရာတွင် ပါဝင်သည့် ပျော်ဝင်ပစ္စည်းအတွက် ဖြစ်သော်လည်း ဖျော်ရည်၏အပေါ်လွှာမှာ တည်ရှိနေ
သည်။ အလားတူ လူ့ဘောင်အဖွဲ့အစည်းတွင်လည်း ခေါင်းဆောင်တို့၏ ခံယူချက်ယုံကြည်ချက်နှင့် စံနှုန်းတန်
ဖိုးများဖြင့် ရောင်ပြန်ဟပ်ပြီး လူ့အဖွဲ့အစည်းကို အနှေးအမြန်အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်စွမ်းရှိ
ရမည်။ မွတ်စလင်အများစု နေထိုင်ရာ နိုင်ငံများတွင် ဒီမိုကရေစီမြတ်နိုးသည့် ခေါင်းဆောင်ကောင်းများပေါ်လာ
ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရုံသက်သက်မဟုတ်ဘဲ အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်မှု
ကိုပါ လေးစားသည့် အစိုးရမျိုးပေါ်ထွန်းလာရေးကို ဦးဆောင်စေမည့် နိုးကြားမှုကျယ်ကျယ်ပြန့်ပြန့် ပေါ်လာပါ
စေကြောင်း မျှော်လင့်တောင့်တလျက် ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Rf: https://www.lemonde.fr/idees/article/2019/02/25/fethullah-gulen-l-echec-de-l-experience-democratique-turque-n-est-pas-du-a-l-adhesion-aux-valeurs-islamiques-mais-a-leur-trahison_5427773_3232.html?fbclid=IwAR0_XS1FdTAKiLtUILStpkF8gpwB17hE3EWtZBnWIyXmcuFADeTBJCRIqsQ

Related Post

Leave a Reply

Your email address will not be published. Required fields are marked *