ဆရာကြီး မုဟမ္မဒ်ဖသ်ဟုလ္လာဟ်ဂူလန်၏ဘ၀ကောက်ကြောင်း

ဆရာကြီး မုဟမ္မဒ်ဖသ်ဟုလ္လာဟ်ဂူလန်၏ဘ၀ကောက်ကြောင်း

 

 

အစ္စလာမ့်ရေးရာ ပညာရှင်နှင့် ဒဿနပညာရှင်ကြီး ၎င်းအပြင် လူသိများ ထင်ရှားသော စာရေး ဆရာနှင့် စာဆိုတစ်ဦးလည်း ဖြစ်သူ မုဟမ္မဒ်ဖသ်ဟုလ္လာဟ် ဂူလန်ကို တူရကီနိုင်ငံ အရှေ့ပိုင်း Erzurum မြို့၌ ၁၉၄၁ခုနှစ်တွင် ဖွားမြင်သည်။ ဂုဏ်ထူးဆောင် မွတ်စလင်ပညာရှင်များ၊ နာမ်ပိုင်း ရှေ့ဆောင်ဆရာ အများအပြားထံမှ ဘာသာရေး သိပ္ပံပညာရပ်များကို စနစ်တကျ သင်ယူ တတ်မြောက်ခဲ့သည်။ ထို့ပြင် သူသည် ခေတ်သစ်လူမှုရေးနှင့် သဘာဝသိပ္ပံပညာရပ်တို့၏ နိယာမသဘောတရားနှင့် စည်းမျဉ်းများကို လည်း လေ့လာဆည်းပူထားသည်။

သူ၏တစ်ကိုယ်ရည် အားထုတ်လေ့လာခြင်းနှင့် လေ့လာသင်ယူခြင်းများမှ ရရှိသော တစ်မူထူးခြား သည့် ကျွမ်းကျင်မှုအားဖြင့် အချိန်တိုအတွင်း ခေတ်ပြိုင်များကို ကျော်ဖြတ်နိုင်ခဲ့သည်။ အဆင့်မြင့် စာမေး ပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ပြီးနောက် ၁၉၅၈ခုနှစ်တွင် နိုင်ငံတော်အဆင့် ဓမ္မဆရာအဖြစ် ချီးမြှင့် မြှောက် စားခြင်း ခံရသည်။ မရှေးမနှောင်းမှာပင် ရာထူးတိုးကာ တူရကီနိုင်ငံ၏ တတိယမြောက်အကြီးဆုံး ပြည်နယ် အိဇ်မီရ် Izmirသို့ စေလွှတ်ခြင်းခံရသည်။

၎င်းမှ စတင်၍ ဂူလန်သည် သူ၏ရည်ရွယ်ချက်များကို စတင် အကောင်အထည်ဖော်ရာ ဆရာကြီး ကို နှစ်သက်သည့် လူထုပရိသတ်များ များပြား ကျယ်ပြန့်လာတော့သည်။ သူ၏ဟောပြောချက်နှင့် မိန့် ခွန်းများ၌ ကာလအပိုင်းအခြားအလိုက် အဖိနှိပ်ခံ လူမှုရေးပြဿနာများ အကြောင်းကို အထူး ဇောင်းပေးခဲ့ သည်။ အထူး ရည်ရွယ်ချက်မှာ မျိုးဆက်သစ် လူငယ်များအား နာမ်ပိုင်းအဆင့်မြင့်မှု၊ လူသားအကျိုးပြုလုပ် ငန်းများနှင့် ဉာဏ်ရည်ထက်မြက်ပြီး အမြော်အမြင်ကြီးစေခြင်းတို့ဖြင့် သဟဇာတဖြစ်အောင် မြှင့်တင်ပေး ရေးဖြစ်သည်။

ဂူလန်သည် မြို့ကြီးများ၌သာ သင်ကြားလမ်းညွှန်မှု ပြုသည် မဟုတ်၊ နိုင်ငံတွင်း ပြည်နယ် ခရိုင် များအထိ လှည့်လည်ခရီးနှင်ပြီး ဗလီဝတ်ကျောင်းတော်များတွင်သာမက လူထုတွေ့ဆုံပွဲနှင့် အစွန်အဖျား ကော်ဖီဆိုင်များပါမကျန် ဟောပြော ပို့ချခဲ့သည်။ ယင်းသို့အားဖြင့် သူသည် လူတန်းစားအလွှာအသီးသီး၏ ကိုယ်စားလှယ်ကဲ့သို့ ဖြစ်လာပြီး ပညာရှင်အသိုင်းအ၀ိုင်း (အထူးသဖြင့် ကျောင်းသားထုများ)၏ အလေး ထားမှုကို ရရှိလာသည်။ သူ၏ မည်သည့်ဟောပြောချက်မှာမဆို ဘာသာရေး အကြောင်းအရာများနှင့်သာ ဘောင်ခတ်ထားခြင်း မဟုတ်ဘဲ ပညာရေး၊ သိပ္ပံ၊ ဒါဝင်ဝါဒ၊ စီးပွားရေး၊ တန်းတူညီမျှရေးနှင့် လူမှုဗေဒ စသည်တို့ ပါဝင်နေသည်။

ယင်းကဲ့သို့ ခေါင်းစဉ်ပေါင်းများစွာကို ကျယ်ကျယ်ပြန့်ပြန့် ဟောပြော ဆွေးနွေးနိုင်သည့် ပညာအ တိမ်အနက်နှင့် အရည်အသွေးကြောင့် ပညာတတ် အသိုင်းအ၀ိုင်း၏ အာရုံစိုက်မှု၊ လေးစားမှုကို ရရှိကာ စံပြပညာရှင်တစ်ပါး ဖြစ်လာပေသည်။
ကျောင်းသားလူငယ် မျိုးဆက်သစ်တစ်ရပ်လုံးအား အမြင်ဖွင့်ပေးပြီးသည့်နောက် ပုံမှန်သင်ကြား ရေးလုပ်ငန်းမှ ၁၉၈၁ခုနှစ်တွင် အနားယူခဲ့သည်။

၁၉၆၀ခုနှစ်များမှစ၍ ပညာရေးပြုပြင်ပြောင်းလဲမှု၌ အထူး အာရုံစိုက်ခဲ့သော သူ၏အားထုတ်ချက်များက သူ့အား တူရကီနိုင်ငံ၏ အကျော်ကြားဆုံးနှင့် လေးစားခြင်း အခံရဆုံးသူများအနက် အပါအ၀င်တစ်ဦး ဖြစ်သွားစေသည်။ သူသည် ၁၉၈၈မှ ၁၉၉၁ခုနှစ်အထိ လူဦးရေ သိပ်သည်းသော ဒေသရှိ အထင်ရှားဆုံး ဗလီများစွာတွင် မနားမနေ ဟောပြောပို့ချခဲ့သလို၊ တူရကီနိုင်ငံ အတွင်းသာမက အနောက်ပိုင်း ဥရောပရှိ အထင်ကရ ကွန်ဖရင့်များသို့ပင် သူ၏သတင်းစကားကို ပို့ဆောင် ဖြန့်ချီခဲ့ပေသည်။

အဓိကအတွေးအခေါ်
==============
သူ၏ဟောပြောချက်နှင့် ရေးသားမှုများ၌ ဤ၂၁ရာစုအတွင်း ကာလရှည် အိပ်မောကျနေသည့် ကိုယ်ကျင့်တရားများကို ပြန်လည် အားပြည့်ထူထောင်စေမည့် နာမ်ရေးရာ နိုးကြားမှု ဖြစ်တည်လာရေး၊ ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တန်ဖိုးများကို အပြန်အလှန် ဖလှယ်ခြင်းအားဖြင့် စုပေါင်းညီညွတ် လူ့အဖွဲ့အ စည်းတစ်ရပ် ဖြစ်လာစေမည့် တိုင်း၊ နိုင်ငံများအကြား သဘောထားကြီးမြင့်မှု၊ နားလည်မှု၊ ပူးပေါင်း ဆောင် ရွက်မှုရှိသော ခေတ်ကာလ ဖန်တီးရေး စသည့်အမြင်များ ထားရှိကြောင်း တွေ့ရသည်။

ပညာရေးလောကတွင်လည်း တူရကီနိုင်ငံ အတွင်းအပြင်နှစ်ရပ်လုံးအတွက် လူထုအကျိုးပြု ပရဟိ တအဖွဲ့အစည်းများ တည်ထောင်ပေါ်ထွက်နိုင်အောင် ဦးဆောင်ဦးရွက် ပြုပေးခဲ့သည်။ လူထုမီဒီယာကဏ္ဍ၊ လူသိများသည့် ရုပ်မြင်သံကြားတို့ကို အသုံးပြုပြီး လူထုရေးရာ ပြဿနာများကို တစ်ဦးချင်းဖြစ်စေ ခြုံငုံ၍ ဖြစ်စေ ပြည်သူတို့ထံ ပြန်လည်တင်ပြနိုင်ဖို့ နှိုးဆော်ပေးခဲ့သည်။

လူသားအားလုံး မျှတရေးလမ်းကြောင်းအရောက် တက်လှမ်းနိုင်ရန် သင့်လျော်လုံလောက်သည့် ပညာရေးစနစ်ရှိခြင်းနှင့် ပေးကမ်းနိုင်ခြင်းတို့အပေါ် မူတည်နေကြောင်း ဂူလန်က ယုံကြည်ထားသည်။ သို့မှ သာလျှင် ပြည့်ဝသော သိမြင်နားလည်မှုနှင့် တစ်ပါးသူ၏ အခွင့်အရေးကို တန်ဖိုးထား လေးစားသော လိုက် လျောမှုတို့ ရရှိလာပေမည်။

ဤရည်ရွယ်ချက် အထမြောက်နိုင်ရေးအတွက် ဆရာကြီးသည် “အဆင့်မှီ ပညာရေးစနစ်ကို ထောက်ခံ အားပေးကူညီကြပါ” ဟု ကျော်ကြားသူများ၊ လူ့အဖွဲ့အစည်း ခေါင်းဆောင်များ၊ သြဇာကြီးမား သည့် စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းရှင်များအား နှစ်ရှည်လများ တိုက်တွန်းခဲ့သည်။ ၎င်းတို့ထံမှ ရရှိလာသော လှူဒါန်းထောက်ပံ့မှုများကို အသုံးပြု၍ ပညာရေး ရံပုံငွေအဖွဲ့ များက တူရကီနိုင်ငံအတွင်းနှင့် နိုင်ငံရပ်ခြားတို့တွင် စာသင်ကျောင်းများစွာကို ထူထောင်ပေးနိုင်ခဲ့ကြလေသည်။

ခေတ်သစ်ကမ္ဘာ၌ မိမိ၏အတွေးအမြင်များကို တစ်ပါးသူတို့ လက်ခံလာစေမည့် တစ်ခုတည်းသော နည်းလမ်းမှာ ဖျောင်းဖျနားချခြင်းပင် ဖြစ်ကြောင်း ဂူလန်က ဆိုသည်။ အဓမ္မအင်အားသုံးသူများမှာ အသိပ ညာ ချို့တဲ့သူဖြစ်ကြောင်း၊ လူတို့သည် ၎င်းတို့၏ အရေးအရာဆောင်ရွက်ခြင်း၌ ဖြစ်စေ၊ ၎င်းတို့၏ နာမ်ပိုင်း ဆိုင်ရာနှင့် ဘာသာရေးကိစ္စများကို ဖော်ကျူးရာ၌ဖြစ်စေ လွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့်ကို လိုလားကြ ပေသည်။ ဒီမိုကရေစီဝါဒသည် အားနည်းချက် အများအပြား ရှိနေစေကာမူ လူအများစု လက်သင့်ခံနိုင်စရာ နည်းစနစ်တစ်ရပ် ဖြစ်နေ၏။

သို့ရှိရာ လူတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် လွတ်လပ်မှုများကို တန်ဖိုးထား ကာကွယ်ပေးသည့် လူ့ဘောင်အဖွဲ့အစည်း တည်ဆောက်နိုင်ရေးအတွက် ဒီမိုကရေစီ အသိုက်အ၀န်းတို့အား ခေတ်မီအား ကောင်း ခိုင်မာလာအောင် လူတိုင်းအား ထုတ်အပ်သည်။ ဤသို့ဖြင့် တန်းတူညီမျှ အခွင့်အလမ်းက အိပ် မက်မှ လက်တွေ့သို့ ဆိုက်ရောက်နိုင်ပါလိမ့်မည်။

ဘာသာပေါင်းစုံနှင့် ယဉ်ကျေးမှုပေါင်းစုံ တွေ့ဆုံဆွေးနွေးရေးအတွက် လှုပ်ရှား ဆောင်ရွက်ချက်များဂူလန်သည် တာဝန်မှ အနားယူပြီး ကတည်းက အတွေးအမြင်၊ ယဉ်ကျေးမှု၊ ဘာသာတရား၊ လူမျိုး စုအသီးသီးတို့ကို ကိုယ်စားပြုထားသည့် အုပ်စုများအကြား အပြန်အလှန် ဆွေးနွေးပွဲများ ပေါ်ပေါက်တည် တံ့စေရေး၌ နစ်မြှုပ် လုံးပန်းခဲ့သည်။

၁၉၉၉ ဒီဇင်ဘာ၁မှ ၈ရက်နေ့ထိ၊ ကိတ်တောင်းမြို့တွင် ကျင်းပသော ဘာသာပေါင်းစုံ ကမ္ဘာ့ညီလာခံကြီး၌ “ဘာသာပေါင်းစုံ ဆွေးနွေးမှု အရေးပါပုံ” အမည်ရှိစာတမ်းအား တင် သွင်း ဖတ်ကြားခဲ့သည်။ နှီးနှောဖလှယ် ဆွေးနွေးမှုမှာ မရှိမဖြစ် လိုအပ်သည်၊ လူမျိုးရေးနှင့် နိုင်ငံရေး ဘောင်အပြင်ဖက်တွင် မိမိတို့ သိနားလည်ထားသော ဘုံတူညီမှု ပိုမိုများပြားစွာ ရှိနေသည်ဟူသော အမြင် ကို ဆရာကြီးက လက်ကိုင်ပြုထားသည်။

အပြန်အလှန် နားလည်မှု တိုးတက်လာရန် အလို့ငှာ တည်ကြည်ဖြောင့်မတ်သည့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမှာ လိုအပ်ချက်လည်း ဖြစ်သလို အကျိုးထူးလှကြောင်း သူက သုံးသပ်သည်။ သို့ဖြင့် ၁၉၉၄ခုနှစ်တွင် စာနယ်ဇင်းသမားများနှင့် စာရေးသူများ ဖောင်ဒေးရှင်း ဖြစ်ပေါ်လာအောင် အထောက်အကူ ပေးခဲ့သည်။ လူ့အဖွဲ့အစည်းဝင် အလွှာအသီးသီးအကြား နှီးနှောဖလှယ် ဆွေးနွေးမှုနှင့် သဘောထားကြီးမြင့်မှုကို တိုးမြှင့် ဖော်ဆောင်ပေးသည့် ဖောင်ဒေးရှင်း၏လှုပ်ရှား ဆောင်ရွက်ချက်များအ ပေါ် လူတိုင်းနီးပါးက နွေးထွေးစွာ လက်ကမ်း ကြိုဆိုခဲ့ကြသည်။

နောက်တစ်ဆင့်တွင် ဂူလန်သည် တူရကီလူထုအတွင်းမှသာမက ကမ္ဘာတစ်ဝှမ်းရှိ လူထုခေါင်း ဆောင်များနှင့် တွေ့ဆုံခြင်း၊ သွားရောက် လည်ပတ်ခြင်းများ ပြုလုပ်သည်။ ဤအရေးအရာအတွက် ဆရာ ကြီးဂူလန် တွေ့ဆုံခဲ့သော ကမ္ဘာ့ ဘာသာတရားအသီးသီးမှ ကိုယ်စားပြု ခေါင်းဆောင်များအနက် အချို့ မှာ ဗာတီကန်မှ ဒုတိယမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်၊ ယခင် ပုပ်ရဟန်းမင်းကြီးဖြစ်ခဲ့သူ အိုကွန်နာ O’Connor၊ သိက္ခာချမှု ဆန့်ကျင်ရေးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဟောင်း နယူးယောက်မြို့ ဂိုဏ်းချုပ်ဆရာတော် လီယွန်လီဗီ Leon Levy တို့ ဖြစ်ကြသည်။

တူရကီနိုင်ငံအတွင်းတွင်လည်း တူရကီဆိုင်ရာ ဗာတီကန်ကိုယ်စားလှယ်၊ တူရကီ အော်ဒိုဒေါ့ ခရစ် ယာန်ဂိုဏ်းအုပ်၊ တူရကီ-အာမေးနီးယန်း လူ့အဖွဲ့အစည်း အကြီးအကဲ၊ တူရကီ-ဂျူး လူ့အဖွဲ့အစည်း၏ နာယကဆရာတော်နှင့် အခြားသော လူထုခေါင်းဆောင်များက ဆရာကြီးဂူလန်နှင့် မကြာခဏ တွေ့ဆုံ ကြပြီး တည်ကြည်ရိုးသားသည့် ဆွေးနွေးဖလှယ်မှုကို မတူညီသော ဘာသာဝင်များအကြား စံပြဦးဆောင် ဦးရွက်ပြုခြင်းဖြင့် ရုပ်လုံးဖော်ခဲ့ကြပေသည်။

ဂူလန်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို အကြီးအကျယ် ထိခိုက်စေပြီး သက်ဝင်ယုံကြည်သူများ၏ ပုံရိပ် ကို ညှိုးနွမ်းသွားစေသော အမေရိကန်၌ ဖြစ်ခဲ့သော စက်တင်ဘာ၁၁ တိုက်ခိုက်မှုနှင့် ပတ်သက်၍ သတင်း စာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ကာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ၎င်း၌ “အကြမ်းဖက်မှုကို မည် သည့် အစ္စလာမ့်ရေးရာ အကျိုးအတွက်သော်လည်းကောင်း၊ အစ္စလာမ့်အမည်နာမ ခေါင်းစဉ်တပ်ခြင်းဖြင့် လည်းကောင်း ပြုလုပ်ခွင့်မရှိ။ အကြမ်းဖက်သူသည် မွတ်စလင်မဖြစ်နိုင်သလို မွတ်စလင်မှန်လျှင်လည်း အကြမ်းဖက်သမား မဖြစ်နိုင်။ မွတ်စလင်ဟူသည် ငြိမ်းချမ်းရေး၊ သာယာဖွံ့ဖြိုးရေးနှင့် အောင်မြင်တိုးတက် ရေးတို့ကို ကိုယ်စားပြု ရုပ်လုံးဖော်ပေးသူသာလျှင် ဖြစ်ရပါမည်” ဟူ၍ ဖော်ပြခဲ့၏။

ဆရာကြီးဂူလန်၏ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အားထုတ်မှုများက ညီလာခံကြီးများ၊ စာတမ်းဖတ် ပွဲများတွင် ဂယက်ရိုက်ခတ်သွားသည်။ ၂၀၀၃ခုနှစ် ဧပြီလ ၁၁မှ ၁၃ရက်အထိ အော်စတင်ရှိ တက္ကဆက် တက္ကသိုလ်တွင် ငြိမ်းချမ်းရေး သူရဲကောင်းများ စာတမ်းဖတ်ပွဲကို ကျင်းပသည်။ ယေရှု၊ ဗုဒ္ဓ၊ မဟတ္တမဂန္ဒီ၊ မာတင်လူသာကင်းဂျူနီယာ၊ မာသာထရီဆာ အစရှိသော လူ့သမိုင်း နှစ်၅၀၀၀အတွင်း ငြိမ်းချမ်းရေး ဖော် ဆောင်သူများစာရင်းကို ထုတ်ပြန်ခဲ့ရာ ဆရာကြီးဂူလန်အား ခေတ်ပြိုင် ငြိမ်းချမ်းရေး သူရဲကောင်းတစ်ဦး အဖြစ် ထည့်သွင်းဖော်ပြခဲ့သည်။

ဆရာကြီးဂူလန်သည် ဂျာနယ်၊ မဂ္ဂဇင်းများစွာ၌ စာရေးသားသူဖြစ်ပြီး မဂ္ဂဇင်းအများအပြား၏ အယ်ဒီတာ့အာဘော် ကဏ္ဍကို တာဝန်ယူပေးရသည့် ကလောင်ရှင်ဖြစ်သည်။ The Fountain, Yeni Umit, Sizinti, Yagmurနှင့် တူရကီရှိ ထိပ်တန်းနာမ်ပိုင်း ဒဿနမဂ္ဂဇင်းများအတွက် ပင်တိုင်ဆောင်းပါးများကို ရေးသားပေးသည်။

ကျမ်းစာအုပ်၄၀ကျော်နှင့် ရာချီသောဆောင်းပါးများ ရေးသားခဲ့ပြီး သူ၏ဟောပြောချက် ဗီဒီယိုနှင့် audioများ ထောင်ပေါင်းများစွာ ရှိနေပါသည်။ လူမှုရေးရာနှင့် ဘာသာရေးဆိုင်ရာ သူ၏ဟောပြောချက်များ က မရေတွက်နိုင်အောင် များပြားသည်။ သူ့စာအုပ်များစွာသည် တူရကီတွင် အရောင်းရဆုံး စာရင်းဝင်ဖြစ်၍ Prophet Muhammad: Aspects of His Life (တမန်တော်မုဟမ္မဒ်၏ ဘ၀ဖြစ်စဉ်တော်မှ ထူးခြားကဏ္ဍများ)၊ Questions and Answers about Faith (ယုံကြည်ချက်ဆိုင်ရာအမေးအဖြေများ)၊ Pearls of Wisdom(ဉာဏ်ပညာ၏ပုလဲလုံးများ)၊ Prophet Muhammad as Commander (သာသနာ့ ဦးသျှောင် တမန်တော်မုဟမ္မဒ်)၊ Essentials of Islamic Faith (အစ္စလာမ့်ယုံကြည်ချက်၏ အဓိကအချက် များ)၊ Towards the Lost Paradise (ပျောက်ဆုံးနေသောသုခဘုံနန်းသို့လျှောက်လှမ်းခြင်း)၊ Key Concepts in the Parctice of Sufism (ဆူဖီလမ်းစဉ်မှ အဓိကကျင့်စဉ် သဘောတရားများ) ကဲ့သို့သော အချို့စာအုပ်များကို အင်္ဂလိပ်ဘာသာပြန်ဖြင့် ရရှိနိုင်သည်။ စာအုပ်များစွာကို ဂျာမန်၊ ရုရှား၊ အလ်ဘေးနီး ယား၊ ဂျပန်၊ အင်ဒိုနီးရှား၊ စပိန်ဘာသာစကားတို့ဖြင့်လည်း ပြန်ဆိုထားသည်။

ဆရာကြီးဂူလန် ပျိုးထောင်ပေးခဲ့သော ပညာရေးဆိုင်ရာ ရံပုံငွေ အသင်းအဖွဲ့များသည် တူရကီနှင့် နိုင်ငံရပ်ခြားတို့တွင် စေတနာ့ဒါန အဖွဲ့အစည်း၊ ဖောင်ဒေးရှင်းနှင့် အသင်းအဖွဲ့များစွာကို ထူထောင်နိုင်ခဲ့ပြီး ပညာတော်သင်များစွာကို ထောက်ပံ့ကူညီပေးလျက် ရှိနေပေသည်။

သူသည် ထင်ရှားသည့် လူထုခေါင်းဆောင် တစ်ဦးဖြစ်နေသော်ငြား နိုင်ငံရေးလောကထဲ လက်ဝင် လျှိုခြင်းမှ ရှောင်ရှားသည်။ ဂူလန်းအပေါ် ကြည်ညိုလေးစားသူများထဲတွင် ထိပ်တန်းစာနယ်ဇင်းသမားများ၊ ပညာရှင်များ၊ ရုပ်မြင်သံကြား တင်ဆက်သူများ၊ နိုင်ငံရေးသမားများ၊ တူရကီနှင့် နိုင်ငံရပ်ခြားရှိ အာဏာပိုင် များ ပါဝင်ကြသည်။

၎င်းတို့က သူ့အား “ပြောသည့်အတိုင်း လုပ်တတ်သောသူ တစ်မူထူးခြားသည့် လူမှုပြုပြင်ရေး သမားနှင့် အမှန်တရားကို ပြန်လည်ဆန်းသစ် ဖော်ဆောင်ပေးသူအဖြစ် သတ်မှတ်ကြသည်။ ငြိမ်းချမ်းရေး လှုပ်ရှားမှုဝါဒီ၊ ဉာဏ်အမြော်အမြင် ကြီးမားသူ၊ ဘာသာရေးပညာရှင်၊ ရှေ့ဆောင်လမ်းပြ၊ စာပြုစာဆို၊ ဒဿနရှင်၊ လူ့အဖွဲ့အစည်း၏ နာမ်ပိုင်းဆိုင်ရာ လိုအပ်ချက်နှင့် ဝေဒနာများအတွက် နစ်မြုပ်လုံးပမ်း အဖြေ ရှာပေးနေသော နာမ်ရေးရာ ရှေ့ဆောင်အဖြစ် အများက ရှုမြင်ကြသည်။

သူပျိုးထောင် ကြိုးစားပေးခဲ့သည့် ပညာရေးဆိုင်ရာ လှုပ်ရှားမှုအား “တစ်ပါးသူတို့အပေါ် ကောင်း မြတ်မှုနှင့် ၀န်ဆောင်မှုဖြင့် ဖြည့်ဆည်းပေးရန် တိုက်တွန်းသည်။ ပင်ကိုယ်စွမ်းရည် ပြည့်ဝလာစေရေး အသိ ဉာဏ်၊ နှလုံးသား၊ စိတ်ဝိညာဉ် သုံးရပ်စလုံး ပြန်လည်ရှင်သန်စေရေးကို အဓိကထားလျက် အောင်မြင်သည့် ပညာရေးကို ထောက်ပံ့ခြင်းဖြင့် တခြားသူတို့အတွက် အကျိုးရှိသည့် အမှုထမ်းများ ဖြစ်လာရန် ပျိုးထောင် ပေးသည်။

ကလောင်-သြရသ ရေချမ်း

Related Post

အရှင်မြတ်၏မေတ္တာ (အပိုင်း-၁)

အရှင်မြတ်၏မေတ္တာ (အပိုင်း-၁)

ကျွန်ုပ်တို့၏ စိတ်နှလုံးများ၌ အာဃာတ၊ ရန်လိုမုန်းတီးစိတ်၊ အမုန်းပွား လိုစိတ်များ ထိန်းမရအောင် လွှမ်းမိုးနေသော ဤငြီးငွေ့ဖွယ်ရာ အမင်္ဂလာများ နှင့် ပြည့်နေသည့် ခေတ်တွင် မေတ္တာကရုဏာ နှင့်…

Leave a Reply

Your email address will not be published. Required fields are marked *